အင်္ဂပူမြို့ မြို့မစျေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ရေး မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်

အင်္ဂပူ နိုဝင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သည့် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် မီးငြှိမ်းသတ်နည်း သရုပ်ပြ လေ့ကျင့်ခြင်းကို မြို့မစျေးကြီးတွင် ယနေ့နံနက် ၁၁ နာရီ ၃၀ မိနစ်က ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူး ဦးရဲမင်းသိန်းက မီးသတ်ဆေးဗူး အသုံးပြုပုံကို ရှင်းလင်းပြောကြားခဲ့ပြီး မီးသတ်ဆေးဗူးကို အသုံးပြု၍ မီးငြှိမ်းသတ်နည်း၊ ဆီမီးလောင်မှု‌ ရေစိုအဝတ်ဖြင့် ဖုံးအုပ်ငြှိမ်းသတ်နည်း၊ မီငြှိမ်းသတ်ယာဉ်နှစ်စီးဖြင့် မီးငြှိမ်းသတ်နည်းကို လက်တွေ့သရုပ်ပြသခဲ့ကြသည်။

အဆိုပါ မီးငြှိမ်းသတ်နည်းသရုပ်ပြ လေ့ကျင့်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးမောင်ဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦး‌‌နေမျိုးအောင်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့မစျေးကော်မတီဝင်များနှင့် စျေးသူစျေးသားများ ကြည့်ရှုအားပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြို့မဈေးအတွင်း မီးသတ်ဆေးဗူးထားရှိမှု၊ လျှပ်စစ်မီးသွယ်တန်းထားမှု၊‌ ရေသိုလှောင်ထားရှိမှု၊ မီးချိတ်၊ မီးကတ်၊ သဲအိတ်များ ထားရှိမှုအ‌‌ခြေအနေများအား ကြည့်ရှုစစ်‌ဆေးခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)