ဆော အောက်တိုဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ကျန်းမာရေးဌာနက ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် အသက် (၉)နှစ်မှ (၁၀)နှစ်အတွင်း အမျိုးသမီးငယ်များအား သားအိမ်ခေါင်း ကင်ဆာ (HPV) ကာကွယ်ဆေး စတင်ထည့်သွင်း၍ ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ဆောမြို့ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြတ်လေးပန်က (HPV) ကာကွယ် ဆေးကို ထိုးနှံပေးခြင်းဖြင့် Human Papilloma Virus ဟုခေါ်သည့် (HPV) ပိုးကြောင့် ဖြစ်တတ်သည့် သားအိမ်ခေါင်းကင်စာနှင့် မျိုးပွားလမ်းကြောင်းတွင် ဖြစ်ပွားတတ်သည့် ကင်စာများကို ကာကွယ်ပေးနိုင်ကြောင်းနှင့် အသက်(၉)နှစ်မှ (၁၀)နှစ်အထိ အမျိုးသမီးငယ်တိုင်း ကို တစ်ကြိမ်နှင့်တစ်ကြိမ်(၁၂)လခြားပြီး (၂)ကြိမ် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဆေးထိုးနှံခြင်းအခမ်းအနားအား စတင်ခဲ့သည်။
ထို့နောက် အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ကြူကြူနှင့် ဝန်ထမ်းများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ မြို့ပေါ် ရပ်ကွက်များရှိ အသက်(၉)နှစ်မှ (၁၀)နှစ်အထိ အမျိုးသမီးငယ် ၃၇ ဦးကို (HPV) ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဇော်မျိုးသန့်(ဆော)