ကျောင်းကုန်း နိုဝင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁ဝး၃၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ဦးစီးအရာရှိ ဒေါ်လှိုင်ပို့ပို့ဇင်က အဓိကကတော့ ကျောင်းပိတ်ရက်တွေမှာ စာကြည့်တိုက် ဖွင့်စေချင်ကြောင်း၊ ကျောင်းသားလူငယ်တွေ စိတ်ဝင်စားစေမယ့် စာစီစာကုံးတွေ၊ ရုပ်ပြစာအုပ်တွေ ရှိစေချင်ကြောင်း၊ လူလတ်ပိုင်းတွေဖတ်ဖို့က စိုက်ပျိုးရေး၊ မွေးမြူရေးစာအုပ်တွေ ရှိစေချင်ကြောင်း၊ လူကြီးပိုင်းအတွက် တရားဓမ္မစာအုပ်တွေ ရှိစေချင်ကြောင်း၊ စာကြည့်တိုက်ရဲ့ကော်မတီတွေအနေနဲ့ အသစ်ပြန်ဖွဲ့ဖို့လိုရင် ပြန်ဖွဲ့ရပါမယ်၊ အမှန်တကယ်အလုပ်လုပ်မယ့်သူတွေနဲ့ အစားထိုးပြန်လည် ဖွဲ့စည်းပြီး လုပ်ငန်းလည်ပတ်အောင် ဆောင်ရွက်ကြဖို့ ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် စာကြည့်တိုက်ကော်မတီဝင်များက မိမိတို့တွေ့ကြုံ နေရသည့် အခြေအနေများ တင်ပြခဲ့ကြပြီး၊ မိမိတို့စာကြည့်တိုက်အား သန့်ရှင်းသပ်ရပ်စေဖို့နဲ့ စာငှါးပရိတ်သတ် လာရောက်စေနိုင်မည့်နည်းလမ်းများ၊ ပျက်စီးယိုယွင်းနေမှုအား ပြန်လည် ပြင်ဆင်နိုင်ရေးနှင့် စာကြည့်တိုက်ရန်ပုံငွေများ ရှာဖွေကြဖို့၊ သို့မှသာ မိမိတို့စာကြည့်တိုက် ရှင်သန်ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ပါကြောင်း ဝိုင်းဝန်းဆွေးခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီး အရာရှိနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စု (၁၂)အုပ်စုမှ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာကြည့်တိုက် ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)