ပုသိမ်မြို့တွင် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ပုသိမ် နိုဝင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီမှ ကြီးမှူးဖွင့်လှစ်သော အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးဦးမျိုးနိုင်က မိမိတို့နိုင်ငံတွင် လိုအပ်နေသည့် ကျွမ်းကျင်လုပ်သားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် လူငယ်လူရွယ်များအတွက် သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိစေရန်၊ ကျွမ်းကျင်မှုအတတ်ပညာကို စနစ်တကျလေ့လာသင်ယူခွင့်မရဘဲ လုပ်ငန်းခွင်အသီးသီးတွင် ၀င်ရောက်လုပ်ကိုင်နေကြသည့် ၀င်ငွေနည်းပါးတဲ့ လူငယ်အလုပ်သမားများအတွက် အသက်မွေး၀မ်းကျောင်း အတတ်ပညာသင်ယူမှုအခွင့်အလမ်းများ တိုးတက်ရရှိစေပြီး ၀င်ငွေတိုးတက်ရရှိစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက သင်တန်းကာလတွင် မခိုမကပ်ဘဲ ဆရာများ၏ သင်ကြားပို့ချမှုများကို စနစ်တကျလေ့လာဆည်းပူး သင်ယူကြစေလိုကြောင်း၊ သင်ယူရရှိလာမည့် အတတ်ပညာနှင့်ကျွမ်းကျင်မှုများကို အသုံးချ၍ လုပ်ငန်းခွင်ဝင်ရောက်လုပ်ကိုင်နိုင်ကြပြီး ကိုယ်ပိုင်လုပ်ငန်းငယ်များ ထူထောင်နိုင်သည်အထိ ကြိုးစားသင်ယူကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းသို့ ပုသိမ်မြို့နယ်နှင့် ပတ်ဝန်းကျင်ဒေသများမှ သင်တန်းသား(၂၀)ဦး တက်ရောက်ခဲ့ကြပြီး ၂-၁၁-၂၀၂၃ ရက်နေ့မှ ၁-၁၂-၂၀၂၃ ရက်နေ့ထိ ရက်သတ္တ (၄)ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်​ကြောင်း သတင်းရရှိသည်။

မြင့်ဟန်(ပြန်/ဆက်)