မော်လမြိုင်ကျွန်းမြို့နယ်တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမရှိစေရေး ပညာပေးဟောပြောပွဲ ပြုလုပ်

မော်လမြိုင်ကျွန်း နိုဝင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးဆောင်မှုဖြင့် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု မရှိစေရေး ပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀:၀၀) နာရီအချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ငုဝါဆောင်ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှဌေးက အဖွင့်မှာစကားပြောကြားခဲ့ပြီး မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဇော်က မော်လမြိုင်ကျွန်းမြို့အား သန့်ရှင်းသာယာလှပသော မြို့တစ်မြို့ ဖြစ်စေရေးအတွက် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်သိမ်းဆည်းခြင်း လုပ်ငန်းများ၊ အမှိုက်စို၊ အမှိုက်ခြောက်များ ခွဲခြားစွန့်ပစ်စေရေးလုပ်ငန်းများ၊ စနစ်တကျ စွန့်ပစ်ခြင်းလုပ်ငန်းများ၊ ရေစီးရေလာ ကောင်းမွန်စေရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် တင်ဆောင်ရွက်လျက်ရှိပြီး စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု မရှိစေရေးအတွက် မြို့ဝင်/မြို့ထွက် လမ်းမကြီး ဘေးတစ်လျှောက်နှင့် မြစ်ကမ်းပါးတစ်လျှောက် စည်းကမ်းမဲ့အမှိုက်မပစ်ရ အသိပေး ဆိုင်းဘုတ်များ စိုက်ထူခြင်း၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ လမ်းဘေးဈေးဆိုင်များအား အဖွဲ့ဝန်ထမ်းများမှ  ကွင်းဆင်းလှည့်လည်စစ်ဆေးခြင်း၊  စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူများ တွေ့ရှိပါက အဖွဲ့ရုံးတွင် သတိပေးခြင်း၊ ဧရာဝတီတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့များ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ လမ်းဘေးဝဲ/ယာ ရေမြောင်းများ တူးဖော် ရှင်းလင်းခြင်း၊ အဓိကရေထွက်ပေါက်၊ ဂုံးပေါက်များ အားဆယ်ယူရှင်း လင်းခြင်း၊ မိန်းဒရိန်းများ၊  Box Culvert များတည်ဆောက်ပေးခြင်း လုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အလိုက် အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဇော်၊ ဦးစီးအရာရှိ ဒေါ်ခိုင်မွန်သောင်းနှင့် ဝန်ထမ်းများ၊ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာမကြီးဒေါ်လှလှဌေး၊ ဆရာ/ဆရာမများ ကျောင်းသား၊ ကျောင်သူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)