ကလေးမြို့မှ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အထိ တင်ပို့ရောင်းချလျက်ရှိသည့် ငါးကျပ်ကင်လုပ်ငန်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်ပါလမ်းညွှန်ချက်များနှင့်အညီ One Region One Product (OROP) အစီအစဉ်သည် ဒေသအလိုက် အဓိကကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်ရေးနှင့်  အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်  ဆောင်ရွက်လျက်ရှိပါသည်။   ဒေသတွင်း စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတစ်ခု ထုတ်ကုန်တစ်မျိုးလုပ်ငန်းအဖြစ် ဆောင်ရွက်လျက်ရှိသည့် ကလေးမြို့ နတ်ကြီးကုန်းကျေးရွာမှ ငါးမွေးမြူရေးကန်များနှင့် ငါးကျပ်ကင်လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရှင် ဦးထန်းရဲယာနှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြအပ်ပါသည်။

မေး။   ။ ငါးလုပ်ငန်းကို ဘယ်အချိန်က စတင်လုပ်ကိုင်ဖြစ်ခဲ့ပါသလဲ။

ဖြေ။    ။ ၂၀၀၃ ခုနှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့ပြီး နှစ်ပေါင်း(၂၀)ကျော်ရှိခဲ့ပြီဖြစ်ပါတယ်။ ငါးကျပ်ကင်လုပ်ငန်းကို ၂၀၂၂ ခုနှစ်က မှ စတင်လုပ်ကိုင်ခဲ့တာပါ။

မေး။   ။ ငါးကျပ်ကင်လုပ်ရန်အတွက် ကုန်ကြမ်းကို ဘယ်လိုရရှိပါသလဲ။

ဖြေ။    ။ ကုန်ကြမ်းကိုတော့ ကိုယ်ပိုင်ငါးမွေးကန်က အဓိကရရှိပြီး အခြားငါးလုပ်ငန်းများကနေဝယ်ယူရရှိပါတယ်။

မေး။   ။ ငါးမွေးမြူရေးကန်တွေမှာ ဘယ်လိုငါးအမျိုးအစားတွေကို မွေးမြူပြီးအသုံးပြုပါသလဲ။

ဖြေ။    ။ ငါးကျပ်ကင်လုပ်ငန်းအတွက် ငါးကန်တွေမှာ အဓိကမွေးမြူတာက ငါးမြစ်ခြင်းဖြစ်ပါတယ်။

မေး။   ။ ငါးမွေးမြူရေးကန်အရေအတွက်နှင့် အကျယ်အဝန်းဘယ်လောက်ရှိပါသလဲ။

ဖြေ။    ။ ငါးကန်အနေနဲ့ကတော့ အရေအတွက်များပြီး ဧကအနေနဲ့က ၇ ဧကကျော်ရှိပါတယ်။

မေး။   ။ ငါးကျပ်ကင်တွေကို ဘယ်ဒေသတွေကို တင်ပို့ရောင်းချပါသလဲ။

ဖြေ။    ။ ကလေးမြို့ပေါ်က ဝယ်ယူစားသုံးသူများနှင့် နီးစပ်ရာမြို့နယ်များသာမက အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်အထိ တင်ပို့ ရောင်းချလျက်ရှိပါတယ်။ 

မေး။   ။ ငါးကျပ်ကင်တစ်ပိဿာကို ဘယ်လောက်ဈေးနဲ့ရောင်းချတင်ပို့ပါသလဲ။ ငါးကျပ်ကင်အခြောက် တစ်ပိဿာရရှိနိုင်ရန် ငါးအစို ဘယ်နှစ်ပိဿာအသုံးပြုရပါလဲ။                                                   

ဖြေ။   ။ ငါးအစိုဈေးနှုန်းကတော့ ငွေကျပ် ၉၀၀၀ ရှိပြီး ငါးကျပ်ကင်တစ်ပိဿာကို ငွေကျပ် ၃၇၀၀၀ ရှိပါတယ်။ ငါးကျပ်ကင် အခြောက် ၁ ပိဿာရရှိနိုင်ရန် ငါးအစို ၄ ပိဿာ ကင်ရပါတယ်။ ကြာချိန်အနေနဲ့ကတော့ တစ်ကြိမ်ကင်ပါက ၃ ရက်ကြာပါတယ်။                                                              

မေး။   ။ ကလေးမြို့မှာ ငါးမွေးမြူရေးလုပ်ငန်းရှင်အရေအတွက်နှင့် ငါးကျပ်ကင်လုပ်ငန်းရှင် ဘယ်နှစ်ဦး ရှိမလဲ။

ဖြေ။ ။ ငါးမွေးမြူရေးလုပ်ကိုင်နေကြတာကတော့များပါတယ်။ ငါးကျပ်ကင်လုပ်ငန်းလုပ်ကိုင်နေ ကြသူတွေက တစ်မြို့နယ်လုံးမှာ လုပ်ငန်းရှင် ၉ ဦး ရှိပါတယ်။

မေး။   ။ ငါးမွေးမြူရေးကန်နှင့် ငါးကျပ်ကင်လုပ်ငန်းမှာ လုပ်သားအင်အားဘယ်လောက်နဲ့ ဆောင်ရွက်နေပါသလဲ။

ဖြေ။    ။ ပုံမှန်အားဖြင့် ငါးမွေးမြူရေးလုပ်ငန်းမှာ လုပ်သား (၁၀)ဦးခန့်အထိရှိပြီး ကျပ်ကင်မှာတော့ လုပ်သား (၈) ဦးရှိပါတယ်။ အလုပ်မနိုင်သည့်အချိန်များမှာ အလုပ်သမားထပ်မံငှားရမ်းရတာတွေရှိပါတယ်။

မေး။   ။ လုပ်ခလစာအနေနဲ့ရော ဘယ်လိုသတ်မှတ်ထားရှိပါသလဲ။

ဖြေ။    ။ လစာအနေနဲ့ ပုံသေသတ်မှတ်ထားတာမရှိပါဘူး။ လုပ်သားအများစုကို တစ်ပတ်တစ်ခါ တစ်ရက်ကို ကျပ် ၁၀၀၀၀ နှုန်းဖြင့် လုပ်အားခရှင်းပေးပါတယ်။

မေး။   ။ ငါးကျပ်ကင်ပါက ဘယ်လိုလောင်စာတွေကို အသုံးပြုပြီး ငါးကျပ်ကင်စားသုံးသူတွေအနေနဲ့ ဘယ်လိုကောင်းကျိုးတွေရှိ နိုင်မလဲ။

ဖြေ။    ။ ငါးကျပ်ကင်ပါက သစ်စက်တွေကနေ ထွက်ရှိသောလွှစာမှုန့်များကို လောင်စာအဖြစ် အသုံးပြုပြီး ကျွန်တော်တို့ရဲ့ ငါးကျပ်ကင်များမှာဆိုရင် ဆားတွေ၊ တာရှည်ခံဓာတုဆေးတွေ လုံးဝ အသုံးမပြုပါဘူး။ ဒါကြောင့် ကျန်းမာရေးအားနည်းသူတွေ သွေးတိုးရောဂါရှိသူတွေလဲ စိတ်ချစွာစားသုံး နိုင်ပါတယ်။

မေး။   ။ လက်ရှိမှာ ဘာအခက်အခဲတွေရှိပါသလဲ။

ဖြေ။    ။ လတ်တလောကြုံတွေ့နေရတဲ့ အခက်အခဲကတော့ သုံးစွဲရတဲ့ကုန်ကြမ်းဈေးနှုန်း၊ ငါးစာနှင့်     သယ်ယူပို့ဆောင် စရိတ်မြင့်မားတာတွေ အလုပ်သမားလုပ်အားခ မြင့်မားတာတွေတော့ရှိပါတယ်။

မေး။   ။ နောင်အနာဂတ်မှာ လုပ်ငန်းတိုးချဲ့လုပ်ကိုင်ဖို့ အစီအစဉ်ရှိပါသလား။

ဖြေ။    ။ နောင်မှာလည်း ဒီထက်ပိုမိုကောင်းမွန်အောင် ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ပြီး လုပ်ငန်းတိုးချဲ့လုပ်ကိုင်သွားဖို့ကို လည်း ရည်ရွယ်ထားပါတယ်။                                                        

မေး။   ။ ငါးကျပ်ကင်စားသုံးသူများကို ပြောလိုတာရှိရင် စကားလက်ဆောင်ပြောပြပေးပါအုံး။

ဖြေ။    ။ ကျွန်တော်တို့ ငါးကျပ်ကင်ကို သန့်ရှင်းသပ်ရပ်စွာ စေတနာထားလုပ်ကိုင်ပေးလျက်ရှိပါတယ်။ ဒေသခံတွေ၊ ချင်းပြည်နယ်နဲ့ နီးစပ်ရာမြို့နယ် သုံးစွဲသူများကနေ စားသုံးရသည်မှာ အနံ့၊ အရသာရှိကြောင်း၊ စိတ်တိုင်းကျ ကျေနပ်မိပါကြောင်း စသည်ဖြင့် ပြန်လည်ကြားသိရတဲ့အတွက်  အင်မတန် ဝမ်းသာပီတိဖြစ်ရပါတယ်။ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောလိုပါတယ်။

တွေ့ဆုံမေးမြန်း - ဦးဗန်(IPRD)