မုံရွာ နိုဝင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂ဝ၂၃ ခုနှစ်၊ မုံရွာခရိုင် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ (ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်) ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ ၃ နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးက မုံရွာခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ခရိုင်ပညာရေးမှူးရုံးတို့ ပူးပေါင်းကျင်းပတဲ့ ၂၀၂၃ ခုနှစ်၊ မုံရွာခရိုင် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ (ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်) ဖွင့်ပွဲအခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်မှာနိုင်ငံတော်က အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနသို့ ပေးအပ်ထားတဲ့ တာဝန်ကြီး(၄)ရပ်ဖြစ်သည့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေး၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် အဆင့်မြင့်မားစွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေး၊ အရှေ့တောင်အာရှမှ အာရှ၊ အာရှမှ ကမ္ဘာ့အဆင့်ထိ တက်လှမ်းနိုင်အောင် ကြိုးပမ်းရေးဟူသော တာဝန်ကြီး(၄)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊
နိုင်ငံတော်က အားထားရသည့် ထူးချွန်ထက်မြတ်ပြီး အရည်အချင်းပြည့်ဝသော လူငယ်မောင်မယ်များ ဖြစ်လာစေရန် ငယ်ရွယ်စဉ်ကပင် ကျန်းမာကြံ့ခိုင်ရန်လိုအပ်ပါကြောင်း၊ ငယ်ရွယ်စဉ်အချိန်မှစ၍ အားကစားတစ်မျိုးမျိုးကို လေ့ကျင့်လိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်သော လူငယ်များဖြစ်လာပြီး နိုင်ငံ့တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်နိုင်မည့် အနာဂတ်သူရဲကောင်းများ မလွဲမသေဖြစ်လာမှာဖြစ်ပါကြောင်း၊
ယနေ့ လူငယ်အများစုဟာ မူးယစ်ဆေး၊ အရက်၊ ဆေးလိပ်၊ ကွမ်းစသည့် ကျန်းမာရေးဆိုးကျိုးနဲ့ အစားအစာတွေမှာပါတဲ့ ဓာတုဆေးဝါးတွေရဲ့ ကျန်းမာရေးဆိုးကျိုးတွေ၊ ဖုန်းသုံးစွဲခြင်းရဲ့ ကြီးမားကျယ်ပြန့်တဲ့ ဆိုးကျိုးတွေနဲ့ရင်ဆိုင်နေရတဲ့အတွက် ဒါတွေကို ကျော်ဖြတ်နိုင်ဖို့ အားကစားကို လေ့ကျင့်လိုက်စားဖို့ မဖြစ်မနေလိုအပ်လာပါကြောင်း၊
အားကစားကို လေ့ကျင့်လိုက်စားပြီး ကျောင်းသားလူငယ်များကြံ့ခိုင်မှုရှိလာစေရန် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကို ကျင်းပပေးခြင်းဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် မုံရွာခရိုင်အားကာဦးစီးဌာနသည် ခရိုင် dovress form ပညာရေးမှူးရုံးနှင့် ပူးပေါင်း၍ (၂၀၂၃) ခုနှစ်၊ နိုဝင်ဘာလ(၂)ရက်နေ့မှ (၈)ရက်နေ့ထိ အားကစားနည်း(၆)နည်း ရွှေတံဆိပ်စုစုပေါင်း (၂၇)ခု၊ ကျောင်းပေါင်း(၈) ကျောင်းနဲ့ ကျင်းပသွားမှာဖြစ်ပါကြောင်း၊
မုံရွာခရိုင် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးကြတဲ့ အားကစားသမားများ၊ ကျောင်းအုပ်ကြီးများ၊ ကာယနည်းပြဆရာများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ အားကစားသမားများကို အသိပေးပြောကြားလိုတာက နိုင်ငံတကာမှာ ပြိုင်ပွဲဝင်နေတဲ့ အားကစားသမားများဟာ ယခုကဲ့သို့ပင် ကျောင်းသားပြိုင်ပွဲ၊ တက္ကသိုလ်ပြိုင်ပွဲများမှတစ်ဆင့် နိုင်ငံတော်အဆင့် ဖြတ်ကျော်ရင်းကမ္ဘာ့အဆင့်ထိ တက်လှမ်းနိုင်ခဲ့သူများ ဖြစ်စေလိုပါကြောင်း အားကစားသမားများအားလုံး အားကစားနည်းအလိုက် စည်းမျဉ်းဥပဒေများကိုလိုက်နာကြရန်၊ အနိုင်မခံအရှုံးမပေး၊ လှေခွက်ချည်းကျန်အလံမလှ စိတ်ဓာတ်၊ ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကို လေးစားလိုက်နာခြင်း၊ အားကစားသစ္စာအဓိဌာန်ကို လေးစားလိုက်နာပြီး ခိုက်ရန်ဖြစ်ပွားမှုမရှိဘဲ ကြိုးစားယှဉ်ပြိုင်ခြင်းတို့ဖြင့် ယှဉ်ပြိုင်ပြီး ၂၀၂၃ ခုနှစ်၊ မုံရွာခရိုင် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲမှ ခရိုင်/တိုင်းဒေသကြီးနှင့် နိုင်ငံတော်အတွက်အားထားရတဲ့ မြန်မာ့အားကစားမှ မျိုးဆက်သစ် အားကစားသမားများ ကမ္ဘာ့အားကစားသို့ အားကစားဆောင်ပုဒ်အတိုင်း နောင်ကျင်းပမည့် အားကစားပြိုင်ပွဲ အဆင့်ဆင့်ကို ထိုးဖောက်ပြိုင်ပွဲဝင်ရမည့် အားကစားသမားကောင်းများ ပေါ်ထွက်လာစေကြောင်း ဆုမွန်ကောင်းတောင်းကာ အားကစားပြိုင်ပွဲများအား ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အားကစားပစ္စည်း ပေးအပ်ပြီးနောက် ပြိုင်ပွဲဝင်အသင်းများအား လိုက်လံမိတ်ဆက်အားပေးကာ အမှတ်တရဂုဏ်ပြုမှတ်တမ်းလွှာများအား သက်ဆိုင်ရာ အသင်းခေါင်းဆောင်များထံ အသီးသီးပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ပြီး အားကစားအဖွဲ့များမှ သရုပ်ပြသခြင်း၊ အထက(၇)ကျောင်းသူများမှ Fitness Dance အကများ၊ Aerobic အကများဖြင့် ဖျော်ဖြေခြင်း မြန်မာ့ရိုးရာခြင်းလုံး သရုပ်ပြခြင်း၊ ကျောင်းသူများမှ Fitness Dance ဖျော်ဖြေခြင်း၊ ကျောင်းသူများမှ Zumba Dance ဖျော်ဖြေခြင်းနှင့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းမှ အားကစားနည်းများ သရုပ်ပြခြင်းတို့အား တက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ပြီး အားကစားပေါင်းစုံသရုပ်ပြကြသည့် အားကစားမောင်မယ်များနှင့် ဖျော်ဖြေရေးအဖွဲ့များအား ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီးအခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ မုံရွာခရိုင် အခြေခံပညာကျောင်းပေါင်းစုံ (ဘောလုံး၊ ဘောလီဘော၊ ဘတ်စကတ်ဘော၊ ဖူဆယ်၊ ပိုက်ကျော်ခြင်းနှင့်ပြေးခုန်ပစ် ) အားကစားပြိုင်ပွဲများကို နိုဝင်ဘာလ ၂ ရက်နေ့မှ နိုဝင်ဘာလ ၈ ရက်နေ့အထိ မုံရွာမြို့ ပြည်သူ့အားကစားကွင်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အားကစား ဝါသနာရှင်များ မည်သူမဆိုလာရောက်ကြည့်ရှုအားပေးနိုင်ပါကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)