ဒေးဒရဲမြို့ နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက် တိရစ္ဆာန်ကောင်ရေ ​ကောက်ယူခြင်းလုပ်ငန်းများ တစ်အိမ်တက်ဆင်း  ဆောင်ရွက်လျက်ရှိ

ဒေးဒရဲ နိုဝင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်း ထုတ်လုပ်မှုစာရင်းများ အတည်ပြုထုတ်ပြန်နိုင်ရန်နှင့် တိရစ္ဆာန်ကောင်ရေ တိုးပွားမှုဆိုင်ရာ တွက်ချက်မှု စံနှုန်းများအား သုံးသပ်ပြင်ဆင်နိုင်ရန်အတွက် ယနေ့နံနက် နံနက်(၈)နာရီက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် တာဝန်ရှိသူများက တိရစ္ဆာန်ကောင်‌ရေ ကောက်ယူခြင်းလုပ်ငန်းများ တစ်အိမ်တက်ဆင်း ကောက်ယူလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက “တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး’’ ဆောင်ပုဒ်နဲ့အညီ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ တိကျမှန်ကန်စာရင်းရရှိရေး၊ တိရစ္ဆာန်ကောင်‌ရေ ကောက်ယူခြင်း လုပ်ငန်းများကို (၅)နှစ်တစ်ကြိမ် စာရင်းကောက်ယူခဲ့ပြီး  ဒုတိယအကြိမ်အဖြစ် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းများ အောင်မြင်ရေး တိရစ္ဆာန်ကောင်‌ရေ ကောက်ယူရေး အဖွဲ့များဖွဲ့ပြီး သင်တန်းများ ဖွင့်လှစ်ပို့ချပေးခဲ့ပြီးဖြစ်ရာ တိရစ္ဆာန်ကောင်‌ရေ ကောက်ယူရာတွင် သတ်မှတ်ထားသည့် မေးခွန်းလွှာပုံစံနှင့်  မိုဘိုင်းဖုန်းများကို အသုံးပြုကာ COMMCARE APP နှင့် ထည့်သွင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်အနေဖြင့် တိရစ္ဆာန်ကောင်‌ရေ ကောက်ယူခြင်း လုပ်ငန်းများ မြို့ပေါ်ရပ်ကွက် (၁)ရပ်ကွက်၊ ကျေးရွာအုပ်စု(၈၂)အုပ်စုတွင် နိုဝင်ဘာ(၁)ရက်မှ ဒီဇင်ဘာ(၃၁)ရက်အထိ ရက်ပေါင်း (၆၀) အကြာ ကွင်းဆင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း