ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းစဉ်များအား ကြည့်ရှုအားပေး

မြစ်ကြီးနား နိုဝင်ဘာ ၃

အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းလုပ်ငန်းကို တစ်နိုင်ငံလုံးတွင် နိုဝင်ဘာ ၁ ရက်နေ့မှ စတင်ကောက်ယူ လျက်ရှိပြီး ကချင်ပြည်နယ်အတွင်း၌လည်း မြို့နယ်ပေါင်း (၁၁)မြို့နယ် တွင် စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်သွား မည်ဖြစ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၈ နာရီက မြစ်ကြီးနားမြို့နယ် ပလန(၂) ကံ့ကော်မြိုင်ကျေးရွာ ရွှေကံ့ကော်ခန်းမ၌ စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြ သည်။

ထိုသို့ တိရစ္ဆာန်စာရင်းကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်က မွေးမြူရေးနှင့် တိရစ္ဆာန်ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများတွင် စနစ်တကျ စီမံခန့်ခွဲနိုင်ရေး အတွက် တစ်နိုင်ငံလုံးတွင် အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေ စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ ကချင်ပြည်နယ်အနေဖြင့် မြို့နယ် ၁၁ မြို့နယ်တွင် စာရင်း ကောက်ယူသွားမည်ဖြစ်ပါကြောင်း၊ သို့မှသာ ဒေသအလိုက်စားသုံးမှုကို ခန့်မှန်းတွက်ချက်နိုင်ရေးနှင့် ဒေသတွင်းဈေးကွက် လိုအပ်ချက်နှင့်အညီ မွေးမြူထုတ်လုပ်မှုအစီအစဉ်များကို ချမှတ်၍ မွေးမြူရေး တောင်သူများအတွက် ပံ့ပိုးဖြည့်ဆည်းဆောင်ရွက် ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုလို (၅) နှစ်မှ တစ်ကြိမ် ဆောင်ရွက်သောလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင် ရေး ကျေးလက်နေပြည်သူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာ သန်းအေးက ပြည်နယ်အတွင်း တိရစ္ဆာန် ကောင်ရေစာရင်းကောက်ယူသွားမည့် လုပ်ငန်းအစီအမံများနှင့် စာရင်းကောက်ယူရေးအဖွဲ့များမှ မေးမြန်းကောက်ယူမည့် အချက် အလက်များကို မှန်ကန်စွာဖြေဆိုခြင်းဖြင့် ပူးပေါင်းပါဝင်ကြနိုင်ရေး တင်ပြဆွေးနွေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများဖြစ်ကြသည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိ သူများက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာ အေးမင်းဇော် ဦးဆောင်၍ အရာထမ်း၊ အမှုထမ်းများနှင့် စာရင်းကောက်ယူရေးအဖွဲ့များက ကျေးရွာနေ တောင်သူများထံ ကောက်ယူရမည့် မေးခွန်းပုံစံများတွင် မေးမြန်းဖြည့်စွက်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး ခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က စာရင်းကောက်ယူရေးလုပ်ငန်းစဉ်နှင့် ကျေးရွာအတွင်း လိုအပ်ချက်များအပေါ် တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ အမျိုးသားအဆင့် ကချင်ပြည်နယ်အတွင်း တိရစ္ဆာန်စာရင်းကောက်ယူခြင်းလုပ်ကို မြို့နယ် ပေါင်း (၁၈)မြို့နယ်ရှိသည့် အနက် နယ်မြေအခြေအနေအရ မြို့နယ် ၁၁ မြို့နယ်တွင်  တိရစ္ဆာန် ကောင်ရေစာရင်းကို တစ်နိုင်တစ်ပိုင်နှင့် စီးပွားဖြစ် မွေးမြူမှုတို့အတွက် ကောက်ယူမေးခွန်းပုံစံပါအတိုင်း မေးမြန်းကောက်ယူပြီး ဖုန်း (သို့မဟုတ်) Tablet များတွင် Application များ ဖြည့်သွင်း၍ ဗဟိုထိန်းချုပ်ဌာန၊ နေပြည်တော်သို့ အချိန်နှင့် တစ်ပြေးညီ ပေးပို့တင်ပြသွားရမည်ဖြစ်ကြောင်း ပြည်နယ် မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနရုံး၌ ပြည်နယ် အတွင်းရှိ ဦးစီးဌာန၊ အဖွဲ့အစည်းများမှ ဝန်ထမ်းများအတွက် စာရင်းဇယား အချက်အလက်များ သိမ်းဆည်းရှာဖွေရာတွင် ပိုမိုစနစ် တကျစေရေးအတွက် Introduction to Database System သင်တန်းအမှတ်စဉ် ၃ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ခေတ်ကာလနှင့် အညီ ဌာနဆိုင်ရာများ၏ စာရင်း ဇယားအချက်အလက်များကို Database Management System အသုံးပြုခြင်းအတတ်ကို တတ်မြောက်သင်ယူနိုင်ခြင်းအားဖြင့် နိုင်ငံတော်၏ e-Government စနစ်ကို အထောက်အကူဖြစ်စေပြီး လူစွမ်းအားအရင်းအမြစ်မွေးထုတ်ပေးသည့် သင်တန်းဖြစ်သည့်အတွက် သင်တန်းသားများ အနေဖြင့် စိတ်ပါဝင်စားစွာ ကြိုးစားသင်ယူကြရန်နှင့် လုပ်ငန်းခွင်အတွင်း ပြန်လည်အသုံးချရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာသိမ့်သိမ့်မိုးက ဝန်ထမ်းများ အတွက် သင်တန်းဖွင့်လှစ်ပေးနိုင်ခဲ့မှု အခြေအနေများ၊ ဆက်လက်၍ အဆင့်မြှင့်နည်းပညာသင်တန်းများ တိုးချဲ့ဖွင့်လှစ်ပေးသွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး သင်တန်းဖွင့်လှစ်ပို့ချသွားမည့် သင်တန်းခန်းမအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ပြည်နယ်ပြန်/ဆက်