ချောင်းသာ နိုဝင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်မှုဖြင့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်)တွင် ဧရာဝတီတိုင်းဒေသကြီးမှ ဆုရရှိသူများနှင့် ပြိုင်ပွဲဝင်များသည် ယမန်နေ့နံနက် ၈ နာရီအချိန်က ချောင်းသာကမ်းခြေသို့ အပမ်းဖြေရောက်ရှိခဲ့ရာ မြို့အဆင့်ဌာနဆိုင်ရာများ၊ ဟိုတယ်ဇုန်မိသားစုများက လှိုက်လဲပျူငှာစွာ ကြိုဆိုခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်) တွင် ဧရာဝတီတိုင်းဒေသကြီးမှ ဆုရရှိသူများနှင့် ပြိုင်ပွဲဝင်များသည် Azura Hotel တွင် ရောက်ရှိရပ်နားခဲ့ပြီး နံနက်စာစားသောက်ခြင်း၊ ကမ်းခြေတွင်အပမ်းဖြေခြင်း၊ ရေကူးခြင်း၊ ကျောက်ပုထိုး စေတီတော်မြတ်ကြီးအားဖူးမျှော်ခြင်း၊ အမှတ်တရ မှတ်တမ်းဓာတ်ပုံရိုက်ကူးဖြင်းများကို ပျော်ရွှင်စွာဆောင်ရွက်ခဲ့ကြသည်။
“ကမ်းခြေအပမ်းဖြေခရီးစဉ်ကို စီစဉ်ပေးခြင်းအားဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိကြတဲ့ အနုပညာရှင်များ ဒေသန္တရဗဟုသုတရရှိစေရန်ရည်ရွယ်ပြီးတော့ ခရီးသွားလုပ်ငန်းဖွံဖြိုး တိုးတက်မှုနဲ့ပတ်သက်ပြီး မိဘပြည်သူများသိရှိစေရန်ဖြစ်ပြီး ပြိုင်ပွဲကာလမှာ ပင်ပမ်းမှုတွေကို ဖြေဖျောက်နိုင်ရေးနဲ့ နှောင်လာမဲ့နှစ်တွေမှာ ဒီထက်မကပိုပြီးတော့ကြိုးစားချင်စိတ် ဖြစ်ပေါ်လာအောင် အခုလိုမျိုးခရီးစဉ်ကို ဝန်ကြီးချုပ်ရဲ့စေတနာနဲ့ ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း” (ဗဟို) ပြိုင်ပွဲအဆင့် အဖွဲ့ခေါင်းဆောင် တိုင်းရင်းသာရေးရာဝန်ကြီးဦးစောလင်းခယ်ထံက သိရသည်။
နေပြည်တော်၌ အောက်တိုဘာလ ၂၄ ရက်နေ့မှ ၃၁ ရက်နေ့ထိကျင်းပခဲ့သည့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်) တွင် ဧရာဝတီတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင် ၂၄၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်ဆု ၁၈ ဆု၊ ငွေတံဆိပ် ၁၆ ဆု၊ ကြေးတံဆိပ် ၂၀ ဆု၊ နှစ်သိမ့်ဆု ၂ ဆု၊ အထူးဆု ၁ ဆုစုစုပေါင်းဆုတံဆိပ် ၅၇ ဆုကို ဆွတ်ခူးရရှိခဲ့ပြီး တိုင်းဒေသကြီး/ ပြည်နယ် (၁၄) ခုအနက် အဆင့်(၃) ရရှိခဲ့ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)