တနင်္သာရီ အောက်တိုဘာလ ၂၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ကာလ ကုစားမှုအစီအစဉ်ဖြင့် ကိုယ်ဝန်ဆောင်ငွေကြေးထောက်ပံ့မှုအရ တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်လောင်း(၁၃၂)ဦးအတွက် ကိုယ်ဝန်ဆောင်ထောက်ပံ့ကြေးငွေ တစ်ဦးလျှင်(၃၀၀၀၀/-)ကျပ်နှုန်း လွှဲပြောင်း ထောက်ပံ့ပေး ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ပြုလုပ်ခဲ့သည်။
ယင်းအခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုးက ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ကိုယ်ဝန်ဆောင်များထံ မြန်မြန်ဆန်ဆန်လက်ဝယ်အရောက် ထောက်ပံ့ပေးကြရန် အဖွင့်အမှာ စကားပြောကြားပြီး၊ မြိတ်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူးဒေါ်ဝေဝေလွင်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ကာလကုစားမှု အစီအစဉ်ဖြင့် တနင်္သာရီမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် (၁၃၂)ဦးအတွက် ကိုယ်ဝန်ဆောင် ထောက်ပံ့ကြေးငွေသား တစ်ဦးလျှင်(၃၀၀၀၀/-)ကျပ်နှုန်းဖြင့် စုစုပေါင်းကျပ် (၃၉သိန်း၊၆၀၀၀၀)တိတိကို မြိတ်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ကိုယ်စား ကိုယ်တိုင်လာရောက်၍ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေး ခြင်းဖြစ်၍ ၎င်းနိုင်ငံတော်မှထောက်ပံ့ငွေများကို အကျိုးရှိရှိအသုံးချပေးကြစေလိုကြောင်း အမှာစကား ပြောကြားသည်။
ယင်းနောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုးနှင့် မြိတ်ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနရုံးမှ ဦးစီးမှူး ဒေါ်ဝေဝေလွင်တို့က သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများထံသို့ ကိုယ်ဝန်ဆောင်များ စာရင်းဦးရေအတိုင်း ငွေသားလွှဲပြောင်းပေး အပ်ပြီး၊ ကိုယ်တိုင်လာရောက်သော ကိုယ်ဝန်ဆောင် မိခင်များထံ ကိုယ်ဝန်ဆောင်ကြေး ငွေသား(၃၀၀၀၀/-)စီကို လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ကြောင်းနှင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများမှ ဩဂုတ်လ၁ရက် နောက်ပိုင်းမှမွေးဖွား သည့်ကလေး မိခင်များအားလုံးက စက်တင်ဘာလ(၁၅)ရက်အထိ စာရင်း ပေးသွင်း၍ ထောက်ပံ့ကြေးခံစားခွင့် လျှောက်ထားသူများဖြစ်ကြောင်း မြိတ်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရှိရသည်။
လူမှုဝန်ထမ်းဦးစီးဌာနမှ ယခုလိုငွေထောက်ပံ့ပေးသဖြင့် လယ်တောင်ယာကျေးရွာမှကိုယ်ဝန် ဆောင်မိခင်လောင်း မမေမြတ်ကြူက ဝမ်းသာကျေးဇူးတင်စကားပြောကြားခဲ့သည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)