စပါးအစေ့ချကိရိယာဖြင့်စိုက်ပျိုးသည့် ဆင်းသုခမျိုးစေ့ထုတ်စိုက်ခင်းအား အထွက်နှုန်းသိရှိစေရေး  စံကွက်ရိတ်သိမ်း

​ဖြူး နိုဝင်ဘာ ၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း နွေစပါးမိုးစပါးများ လုပ်အားအင်အားသက်သာစေသောနည်းစနစ်ဖြင့် အထွက်နှုန်းကောင်းစေရန် မျိုးကောင်းမျိုးသန့်စပါးများ စိုက်ပျိုးလျက်ရှိရာ နိုဝင်ဘာလ(၃)ရက်နေ့၊ နံနက်(၁၀)နာရီက ကျီးမနိုးကျေးရွာအုပ်စု၊ ကျီးမနိုးအရှေ့ကွင်း၊ ကွင်းအမှတ်(၈၀၂-ခ)၊ ဦးပိုင်အမှတ်-၂/၁၊ တောင်သူဦးဝင်းလှိုင်၏ စပါးအစေ့ချကိရိယာဖြင့် စိုက်ပျိုးသည့်ဆင်းသုခ မျိုးစေ့ထုတ်စိုက်ခင်းဧက(၂၀)တွင် စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ စံကွက်ရိတ်သိမ်းသည့်စိုက်ကွက်သည် စပါးအစေ့ချကိရိယာများဖြင့် မျိုးကောင်းမျိုးသန့်စပ်မျိုးစပါးအားစိုက်ပျိုးသည့် စိုက်ကွက်ဖြစ်ပြီး (၆၆)ပေပတ်လည်အကွက်အား စပါးရိတ်စက်ဖြင့် ရိတ်သိမ်းခဲ့ရာ တစ်ဧကအစိုပျှမ်းမျှ(၁၃၄.၁၆)တင်းထွက်ရှိကြောင်းနှင့် စံကွက်ရိတ်သိမ်းရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူနှင့်မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်ဌာနဆိုင်ရာများ၊ ကျေးရွာဒေသခံတောင်သူများ တက်ရောက်အားပေးလေ့လာခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)