လိပ်သို နိုဝင်ဘာ ၃
လူငယ်များ၊ ကျောင်းသား/ကျောင်းသူများအတွင်း စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဖတ်ရှု၍ ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေး၊ စာပေဝါသနာပါသူအချင်းချင်းရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင် များနှင့်ပူးပေါင်း၍ စာရေးဆရာမ ခင်စောတင့်ရေးသားသော “စိတ်ကိုလှပအောင်ပြင်နည်း” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေး ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆ များကို နှီးနှောဖလှယ်နိုင်ခြင်း၊ စာပေဖတ်ရှုသည့်အလေ့အကျင့်များ ရရှိစေခြင်း၊ စာပေဖတ်ရှုခြင်းကြောင့် အသိအမြင်ဗဟုသုတတိုးပွားစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်သည့်အတွက် စာပေများဖတ်ရှုလေ့လာရန်လိုအပ်ကြောင်းနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက် ရှိကြောင်း စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍ စာရေးဆရာမခင်စောတင့်ရေးသားသည့် “စိတ်ကိုလှပအောင်ပြင်နည်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ရာ Book Club အဖွဲ့ဝင် စောမျိုးမြင့်သန်းက သတိရှိခြင်းက မိမိကိုယ်မိမိ မသိဘဲကြောက်ရွံ့နေမှုများကို ရင်ဆိုင်နိုင်ရန် အထောက်အကူပြုမှာ ဖြစ်ကြောင်း၊ တခြားသောသူများက မိမိတို့အပေါ် မည်ကဲ့သို့ သဘောထားနေမည်ကို စိတ်ပူပန်နေပါက ပစ္စုပ္ပန်တွင် ရှိနေရန်ခက်ခဲပါကြောင်း၊ မိမိကိုယ်မိမိ မရွံ့မရဲ ကြောက်ရွံ့စိုးရိမ်နေခြင်းများနှင့် အခြားသူများ၏ ထင်မြင်ချက်များကို ပူပန်နေခြင်းများအားလည်း ကျော်လွှားနိုင်ပါလိမ့်မည်ဖြစ်ကြောင်း စသည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို တက်ရောက်လာကြသည့် စာပေဝါသနာရှင်များက စာအုပ်တွင်ပါရှိသည့် အကြောင်းအရာများကို အချင်းချင်းအပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းနှင့် လိပ်သိုမြို့ ပြည်သူ့စာကြည့်တိုက်အနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ပိုမိုရရှိရေးအတွက် အပါတ်စဉ်/လစဉ် စီစဉ်ဆောင်ရွက်ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)