ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (COVID Economic Relief Plan-CERP) အစီအစဉ်ဖြင့် ဆောင်ရွက်သော (CS-RS)ဆင်းသုခ မျိုးစေ့ထုတ်စိုက်ခင်းများ စတင်ရိတ်သိမ်း

ဟင်္သာတ အောက်တိုဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက CERP (Covid Economic Relief Plan) အစီအစဉ်ဖြင့် ရှားခဲစခန်းနယ်မြေရှိ တောင်ကလုံကျေးရွာ အုပ်စု၊ လက်ပန်ကုန်းကျေးရွာတွင် စိုက်ပျိုးသည့်(CS-RS)ဆင်းသုခ မျိုးစေ့ထုတ်စိုက်ခင်း များကို ယမန်နေ့က ရိတ်သိမ်းခြွေလှေ့စက်များဖြင့် စတင်ရိတ်သိမ်းကြောင်း သိရသည်။

ထိုသို့ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း စတင်ရိတ်သိမ်းရာတွင်  စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများ၊ ကွင်းတာဝန်ခံများက စပါးနေလှမ်း အခြောက်ခံခြင်း၊ အစိုဓာတ်ပါဝင်မှု တိုင်းတာခြင်း၊ ဆန်နီပါဝင်မှု တိုင်းတာခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ (CS-RS)ဆင်းသုခ မျိုးစေ့ထုတ်စိုက်ခင်းများ ရိတ်သိမ်းခဲ့ရာတွင် တစ်ဧက ပျမ်းမျှအစို အထွက် (၁၀၆)တင်းနှင့် အခြောက်အထွက် (၈၉)တင်းခန့် ထွက်ရှိကြောင်း ဟင်္သာတမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးက သိရသည်။

ကျော်ကျော်(ပြန်/ဆက်)