စေတုတ္တရာ နိုဝင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် တိုင်းဒေသကြီးအဆင့် အခြေခံပညာကျောင်းအားကစားပွဲတော်အတွက် အရည်အချင်းပြည့်မီသော ထူးချွန်အားကစားသမားများ စေလွတ်နိုင်ရေး မြို့နယ်အဆင့်လူရွေးပွဲအတွက် ကျောင်းပေါင်းစုံမှ ပဏာမလူရွေးပွဲအားကစားပြိုင်ပွဲများကို ယနေ့နံနက် ၈ နာရီ အချိန်ကစ၍ အမှတ် (၂) ရပ်ကွက်မြောက်ခေတ္တရာ ရပ်ကွက်ရှိမြို့နယ်အားကစားကွင်း၌ ကျင်းပဆောင်ရွက်ခဲ့သည်။
လူရွေးပွဲတွင် မြို့နယ်အဆင့်လူရွေးချယ်ရန်အတွက် နယ်မြေအလိုက် ကျောင်းပေါင်းစုံအတွင်းရှိ အသက်(၁၆)နှစ်အောက် အခြေခံပညာကျောင်းတို့မှ ကျောင်းသား/ကျောင်းသူတို့က ခြင်းလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်မီတာစုံ၊ အလျားခုန် (၃) ခုန်၊ ပစ် (၃) ပစ်၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်ရိုက်အစရှိသည့် အားကစားနည်းများဖြင့် စိတ်အားထက်သန်စွာ ယှဉ်ပြိုင်အရွေးချယ်ခံလျက်ရှိရာ ကာယနည်းပြဆရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါအားကစားပွဲတော်အတွက် မြို့နယ်ရှိ နယ်မြေအလိုက် ကျောင်းပေါင်းစုံမှ ပဏာမရွေးချယ်ခံရသည့် ကျောင်းသား၊ကျောင်းသူများကို မြို့နယ်အဆင့်လူရွေးပွဲအား နိုဝင်ဘာ (၇) ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ၎င်းရွေးချယ်ခြင်းခံရသည့် ကျောင်းသား၊ကျောင်းသူများကို ခရိုင်မှတစ်ဆင့် မကွေးတိုင်းဒေသကြီးအဆင့် အခြေခံပညာ ကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော်၌ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)