သရက်ချောင်း နိုဝင်ဘာ ၃
တနင်္သာရီတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးမြင့်နိုင်က ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင် စေရန်၊ မိသားစုအပိုဝင်ငွေရရှိစေရန်၊ လူသုံးကုန်ထုတ်ကုန်ပစ္စည်းများထုတ်လုပ်တတ်ပြီး မိသားစု တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်လာနိုင်ခြင်းဖြင့် ဝင်ငွေတိုးပွားလာစေရန်၊ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ဒေသအတွင်း၌ ဖြန့်ဖြူးရောင်းချနိုင်ရန်သင်တန်းမှရရှိသော နည်းပညာများကို အသုံးပြု၍ အိမ်တွင်းမှုလုပ်ငန်းများ ထူထောင်နိုင်ရန် ကြိုးစားကြရန်၊ မိမိဌာနမှလည်း လိုအပ်သောနည်းပညာများ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း စသည်ဖြင့်အဖွင့်အမှာစကားပြော ကြားခဲ့သည်။
ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီလွင်က သင်တန်းတွင်သင်ကြားမည့် လူသုံးကုန်ထုတ်လုပ်မှုသိကောင်းစရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက သင်တန်းတက်ရောက်သော ဒေသခံပြည်သူများနှင့် သင်တန်းဖွင့်လှစ်ပေးသော တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများအား ကျေးဇူးတင်စကားနှင့် သင်တန်းသားများအား သင်တန်းတွင်သတ်မှတ်ထား သောစည်းကမ်းများအတိုင်း လိုက်နာပေးကြရန်မေတ္တာရပ်ခံပြောကြားကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါသင်တန်းတွင် လူသုံးကုန်ပစ္စည်းများဖြစ်သည့် လက်ဆေးဆပ်ပြာ၊ ပန်းကန်ဆေးဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာ၊ ရေချိုးဆပ်ပြာ၊ မျက်နှာသစ်ဆပ်ပြာ၊ ဖယောင်းတိုင်ပြုလုပ်နည်း၊ စသည်တို့ကို စာတွေ့/လက်တွေ့နည်းများဖြင့် နိုဝင်ဘာလ ၃ရက်နေ့မှ ၇ရက်နေ့ထိ၊ နံနက် ၉နာရီမှ ညနေ ၄နာရီထိ ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်းသင်တန်းနည်းပြ ဒေါ်ရီရီလွင်ထံမှသိရသည်။
နန်းခလိုက်(သရက်ချောင်း)