ပွင့်ဖြူ နိုဝင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့နယ်အတွင်း တရားမဝင်ပစ္စည်း ရောင်းဝယ်ဖြန့်ချိမှုများ ကင်းဝေးစေရန်နှင့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျရောင်းဝယ်နိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက မြို့ပေါ်ရှိ အပေါင်ဆိုင်များနှင့် ရွှေဆိုင်/ပန်းတိမ်ဖိုများ၊ မိုဘိုင်းဖုန်းပြုပြင်ရောင်းဝယ်ရေးဆိုင်များအား ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေးနှင့် မြို့ပေါ်ရပ်ကွက်များရှိ အပေါင်ဆိုင်များနှင့် ရွှေဆိုင်/ပန်းတိမ်ဖိုများ ၊ မိုဘိုင်းဖုန်းပြုပြင်ရောင်းဝယ်ရေးဆိုင်များသို့ သွားရောက်ပြီး လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ကုန်ပစ္စည်းများ ရောင်းဝယ်ပေါင်နှံခြင်း၊ ရွှေထည်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းနှင့် မိုဘိုင်းဖုန်းများ ပြုပြင်ရောင်းဝယ်ခြင်းများ ဆောင်ရွက်ရာ၌ ဥပဒေနှင့် မညီသော တရားမဝင်ကုန်ပစ္စည်းများ လက်ခံရောင်းဝယ်ခြင်းများ မပြုလုပ်ရန်၊ သတ်မှတ် ဈေးစည်းကမ်းချက်များကို အလေးထားလိုက်နာဆောင်ရွက်သွားရန်နှင့် လိုက်နာဆောင်ရွက်မှုမရှိ ကြောင်း စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးရှင်းလင်းဆွေးနွေး ပြောကြားပြီး ဈေးဆိုင်များအလိုက် တရားမဝင်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချမှု ရှိ/မရှိ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြ သည်။
ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့နယ်အတွင်း တရားမဝင်ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုမရှိစေရေးအတွက် ယခုကဲ့သို့ ကြပ်မတ်စစ်ဆေးအသိပညာပေးခြင်း လုပ်ငန်းကို အရှိန်အဟုန်မပျက် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရကာ ပြည်သူများ အစားအစာ ဘေးကင်းလုံခြုံစေရေးအတွက် စည်ပင်သာယာဈေးများနှင့် ဆေးဝါး/စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များကိုလည်း စနစ်တကျရောင်းချနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြီး စဉ်ဆက်မပြတ် ကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံက သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )