သရက် နိုဝင်ဘာ ၃
မကွေးတိုင်းဒေသကြီး သရက်မြို့၌ လူငယ်များ အသိပညာဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်းပြည့်စုံသည့် လူတော်လူကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်း ကျောင်း (ခွဲ) ထန်းရုံကျေးရွာ စာသင်ကျောင်း၌ ကျင်းပခဲ့ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ကျောင်းသား/ကျောင်းသူများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးဝင်းဆွေက အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သရက်ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက ကျောင်းနေအရွယ်မှစ၍ စည်းကမ်းရှိရှိ ပြုမူနေထိုင်တတ်ပြီး ပညာကို ကြိုးစားသင်ယူတက်စေရန်နှင့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ ပြည့်စုံပြီး လူတော်လူကောင်းများဖြစ်မှသာ မိမိရပ်ရွာနှင့် နိုင်ငံတော်ကိုချစ်မြတ်နိုးပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မှာဖြစ်လို့ ဗဟုသုတရရှစေရန် စာပေဖတ်ရှုသည့် အလေ့အထကောင်းများကို ငယ်စဉ်မှစ၍ လေ့ကျင့်ပြီး ဖတ်ရှုလေ့လာကြရန်နှင့် အားကစားစိတ်ဓါတ်ကောင်းများ မွေးမြူပြီး ကျန်းမာသန်စွမ်းအောင် လေ့ကျင့်ကြရန် ပြောကြားပေးခဲ့သည်။
ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်လှိုင်ဦးက လူငယ်နှင့် အားကစားအကြောင်း ပြောကြားပေးခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လှူဒါန်းသည့် စာအုပ်စာစောင်များနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လှူဒါန်းသည့် အားကစားပစ္စည်းများအား တာဝန်ခံကျောင်းအုပ်ဆရာမကြီးက လက်ခံပေးခဲ့သည်။ အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး၊ အရွယ်မရောက်သေးသည့် ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား/.ကျောင်းသူများက ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဇော်ထက်(သရက်)