ကျုံပျော်တွင် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်

ကျုံပျော် နိုဝင်ဘာ ၃

မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတတ်ရေး၊ အသားကဏ္ဍ ဖွံ့ဖြိုးတိုးတတ်ရေးနှင့် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံကိန်းဂဏန်းများ မှန်ကန်စေရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက နိုင်ငံတော်အဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းကို  ကျုံပျော်မြို့နယ်၊ ကွင်းသာ ကျေးရွာအုပ်စု၊ မှော်သေး အရှေ့စု ကျေးရွာတွင် နိုဝင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းက  စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကောင်ရေစာရင်းကောက်ယူခြင်းအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းမင်းနိုင်နှင့် မြို့နယ်တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူ ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာထွန်းမင်းတို့မှ ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြသည်။  နိုဝင်ဘာလ (၁) ရက်နေ့မှ စတင်၍ ကျုံပျော်မြို့နယ် ရပ်ကွက်(၂)ခုနှင့် ကျေးရွာအုပ်စု (၅၉)အုပ်စုရှိ ခန့်မှန်း အိမ်ထောင်စု  (၁၄၃၈၈) စုအား စာရင်းကောက်အင်အား (၂၀၅)ဦးမှ တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူခြင်း၊ စီးပွားဖြစ်ကောင်ရေစာရင်းအား တစ်မြို့နယ်လုံး ကောက်ယူသွားမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

လပြည့်ဦး(ပြန်/ဆက်)