သံတောင်ကြီး နိုဝင်ဘာ ၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် သည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာအများအားဖြင့်ဉယျာဉ်ခြံလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းအနေနှင့်အဓိကလုပ်ကိုင် ဆောင်ရွက်လျက်ရှိရာကွမ်းသီးစိုက်ပျိုးခြင်းလုပ်ငန်းသည်လည်းတစ်ခုအပါအဝင် ဖြစ်ပြီးယခုနှစ် တွင်သံတောင်ကြီးဒေသ ထွက်ကွမ်းသီးများဝယ်လိုအားလျော့နည်းပြီး ဈေးနှုန်းကျဆင်းလျက်ရှိကြောင်းသိရသည်။
သံတောင်ကြီးမြို့နယ် ကွမ်းသီးစိုက်ပျိုးတောင်သူများ အနေဖြင့် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းအတွက် ကွမ်းသီးပင်များကို စိုက်ပျိုးလျက်ရှိပြီး ကွမ်းသီးပင်များကို စိုက်ပျိုးသည့် အချိန်မှစ၍ အပင် သက်တမ်း(၇)နှစ်တွင်စတင် သီးကာ အသီးရင့်မှည့်သည့် အောက်တိုဘာမှ ဒီဇင်ဘာလတွင်ခူးယူလျက်ရှိကြောင်းသိရသည်။
အဆိုပါ ကွမ်းသီးပင်တစ်ပင်လျှင်အရင့်မှည့်သီးများကို နှစ်ပြန်အထိ ခူးယူလေ့ရှိပြီး ကွမ်းသီးများကို အနီသီးနှင့်အဖြူသီးဟူ၍နှစ်မျိုးခွဲခြား၍လုပ်ကိုင်လျက်ရှိရာယခင်နှစ်တွင် ကွမ်းသီးအနီသီးအခြောက် တစ်ပိဿာလျှင် ကျပ် (၆၅၀၀)မှကျပ် (၇၀၀၀)ထိရရှိပြီးကွမ်းသီးအဖြူသီးအခြောက်တစ်ပိဿာလျှင် ကျပ် (၇၀၀၀)မှ ကျပ် (၈၀၀၀) ရရှိသော်လည်းယခုနှစ်တွင်ကွမ်းသီးအနီသီးအခြောက် တစ်ပိဿာ လျှင်ကျပ် (၄၅၀၀) မှကျပ် (၅၀၀၀)ထိသာရရှိပြီးကွမ်းသီးအဖြူသီးအခြောက်တစ်ပိဿာလျှင် ကျပ် (၄၀၀၀)မှကျပ် (၄၅၀၀)အထိသာရရှိကာ ဈေးနှုန်းကျဆင်းသည့်အတွက် ဈေးကောင်းရရှိရန် ကွမ်းသီးစိုက်ပျိုးလုပ်ကိုင်သူ တောင်သူများ မျှော်လင့်လျက်ရှိကြောင်းသိရသည်။နော်နော်မူ