မြိတ် နိုဝင်ဘာ ၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ငလျင်ဘေး၊ ရေဘေး၊ မီးဘေးစသည့် ဘေးအန္တရာယ်များ ဖြစ်ပွား ပေါ်ပေါက်လာပါက ကြုံတွေ့နိုင်သည့် အခက်အခဲများကို မိမိတို့ ပတ်ဝန်းကျင်ရှိ အရာဝတ္ထုပစ္စည်းကိရိယာများ အသုံးပြု၍ အခက်အခဲများကို အောင်မြင်စွာကျော်ဖြတ်နိုင်စေရန် အတွက် စာသင်ကျောင်းအခြေပြု မီးဘေးနှင့် သဘာဝဘေးအန္တရာယ်လျှော့ချရေး အသိပညာပေး အစီအစဉ် (Kaeru Caravan)ကို မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ ယမန်နေ့က အထက(၁) ပညာဗိမာန်ခန်းမတွင် ပြုလုပ်ခဲ့သည်။
သဘာဝဘေးအန္တရာယ်ကျရောက်လာသည့်အခါ ကလေးများမှာ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ဆုံးရှုံးနိုင်ခြေ အများဆုံးဖြစ်သောကြောင့် ကလေးများအတွက် သဘာဝဘေးအန္တရာယ် လျော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး လုပ်ငန်းများကို ကစားနည်းပုံစံပြုလုပ်ပြီး ကလေးသူငယ်များ အတွက် သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး ကစားနည်း(၁၀)မျိုး ဖြင့် သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့လာသည့်အခါ မိမိအိမ် (သို့မဟုတ်) ပတ်ဝန်းကျင်ရှိ အရာဝတ္ထုပစ္စည်းကိရိယာများ အသုံးပြု၍ အခက်အခဲများကို အောင်မြင်စွာ ကျော်ဖြတ်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် အသိပညာပေးအစီအစဉ်ကို ခရိုင်မီးသတ်ဦးစီးမှူး ဦးစန်းဦး ဦးဆောင်၍ ပြုလုပ်ခြင်းဖြစ်သည်။
အသိပညာပေးအစီအစဉ်ကို မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဉာဏ်ဇော်က အဖွင့်အမှာ စကားပြော ကြားခဲ့ပြီး ခရိုင်မီးသတ်ဦးစီးမှူး ဦးစန်းဦးက အသိပညာပေးအစီအစဉ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ၍ ကျောင်းတာဝန်ခံ ဆရာမ ဒေါ်တူးတူးရှိန်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။ ထို့နောက် ကျောင်းသား/သူများက မီးသတိမူရေး၊ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး ကစားနည်း(၁၀)မျိုးကို ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)