ပွင့်ဖြူ နိုဝင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင် ကျရောက်မည့် (၃၅) နှစ်မြောက် ဌာနနှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုဝင်ဘာ ၂ ရက် ၊ နံနက် ၈ နာရီအချိန်က ဇီဝိတဒါန စုပေါင်းငါးလွှတ်ခြင်းနှင့် အန္တရာယ်ကင်း ပရိတ်ပဌာန်းများ ရွတ်ဖတ်ပူဇော်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင် ဦးဆောင်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ဝင်းထွန်းနှင့် ဝန်ထမ်းများ စုပေါင်းအဖွဲ့က ဌာနနှစ်ပတ်လည်နေ့အကြို ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်အနီး မုန်းချောင်း သဘာဝရေပြင်အတွင်း ငါးခုံးမ ငါးသားပေါက်ကောင်ရေ ၁၅၀၀ အား ဇီဝိတဒါနအဖြစ် စုပေါင်းငါးလွှတ်ခြင်း၊ ရွှေဘုံသာဘုရားကြီးအား ဦးခိုက်ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာတိုင်များ ထွန်းညှိပူဇော်ခြင်းနှင့် ဘုရားပရိဝုဏ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများအဖွဲ့က ညနေ ၆ နာရီအချိန်တွင် ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက် အောင်သိဒ္ဓိကျောင်းတိုက်ရှိ မြတ်စောညီနောင်စေတီတော်သို့ သွားရောက်ပြီး ဆီမီး၁၀၀၀ ထွန်းညှိပူဇော်၍ နိုင်ငံသူ ၊ နိုင်ငံသားအပေါင်း ဘေးအန္တရာယ်အမျိုးမျိုးမှ ကင်းဝေးကြစေရန် အန္တရာယ်ကင်းပရိတ်ပဌာန်းများ ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခြင်းကို နှစ်စဉ်ဌာနနှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားစေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများသို့ သွားရောက်ပြီး စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခြင်း ၊ အန္တရာယ်ကင်းပရိတ်ပဌာန်းများ ရွတ်ဖတ်ပူဇော်ခြင်း၊ မြစ်/ချောင်း၊ ဆည်တမံသဘာဝရေပြင်အတွင်း ဇီဝိတဒါန ငါးလွှတ်ခြင်း၊ ဘုရားစေတီပုထိုးများတွင် ဆီမီးကပ်လှူပူဇော်၍ အန္တရာယ်ကင်းပရိတ်ပဌာန်းများ ရွတ်ဖတ်ပူဇော်ခြင်းတို့ကို အစဉ်အလာမပျက် ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်ထံက သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )