မြို့သစ်တွင် စည်ပင်သာယာရေးလုပ်ငန်းများအကြောင်း ပြည်သူအသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မြို့သစ် နိုဝင်ဘာ ၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ကလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြိုနေပြည်သူလူထုပါဝင်ပြီး သိရှိလိုက်နာဆောင်ရွက်နိုင်ရေး ပြည်သူအသိပညာပေးဆွေးနွေးဟောပြောခြင်းကို မြို့သစ်မြို့၊ လယ်ပြင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ယမန်နေ့ညနေက သွားရောက်၍ အသိပညာပေးဟောပြောခဲ့သည်။

ထိုသို့ကွင်းဆင်း၍ အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးဆန်းဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တာဝန်ခံအင်ဂျင်နီယာဦးဗိုလ်ဌေးတို့က "စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများအားလုံးပါဝင်ဆောင်ရွက်မှသာ တိုးတက်အောင်မြင်မည့် လုပ်ငန်းများဖြစ်သည့်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းများနှင့်သက်ဆိုင်သော စည်းကမ်းသတ်မှတ်ချက်များ၊ ဥပဒေ၊ နည်းဥပဒေများကို မြို့နေပြည်သူလူထုသိရှိလိုက်နာနိုင်ရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ သန့်ရှင်းရေးဆိုင်ရာတားမြစ်ခြင်းများ၊ ရေနုတ်မြောင်းများဖောက်လုပ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းအကြောင်းကိုလည်းကောင်း၊ စည်ပင်သာယာရေးအဖွဲ့၏ တည်ဆဲဥပဒေပုဒ်မအကြောင်းအရာများကို အသိပညာပေးရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)