ညောင်တုန်း အောက်တိုဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး(HPV) ထည့်သွင်းထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၌ ဆောက်ရွက်ခဲ့သည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာစိုးလှိုင်ဦးက ကာကွယ်ဆေး လာရောက်ထိုးခြင်းဖြင့် (HPV) ရောဂါပိုးကြောင့်ဖြစ်ပွားနိုင်သည့် ကင်ဆာရောဂါများကို ထိရောက်စွာ ကာကွယ်ပေး နိုင်ကြောင်း၊ အသက်(၉)နှစ်မှ (၁၀)နှစ်အထိ မိန်းကလေးတိုင်းကို တစ်ကြိမ်နှင့် တစ်ကြိမ်(၁၂)လခြားပြီး (၂)ကြိမ်ထိုးရခြင်း ဖြစ်ကြောင်း (HPV)ထိုးနှံခြင်းနှင့်ပတ်သက်၍ အသိပညာပေး ပြောကြားခဲ့သည်။
ထို့နောက် မြို့ပေါ်ရှိ အသက်(၉)နှစ်နှင့် (၁၀)နှစ်အရွယ် မိန်းကလေးများအား ကျန်းမာရေးဌာနမှ ဝန်ထမ်းများက သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး(HPV) ထိုးနှံပေးရာ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့သည်။
ညောင်တုန်းမြို့နယ်တွင် မြို့နယ်အတွင်းရှိ အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်းရှိ မိန်းကလေး မြို့ပေါ် (၃၀၆) ဦး၊ ကျေးရွာ (၁၈၄၉) ဦး စုစုပေါင်း (၂၁၅၅) ဦးတို့အား သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို အောက်တိုဘာလ ၂၁ ရက်နေ့မှစတင်၍ ရပ်ကွက်နှင့် ကျေးရွာအလိုက် သက်ဆိုင်ရာ စုရပ်နေရာများတွင် ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ဝဠာနိုင်(ညောင်တုန်း)