ငဖဲမြို့နယ် ရင်းရှည်ရေလှောင်တမံပင်မရေပိုလွှဲမှ ၁.၁၀ ပေ ရေကျော်သောကြောင့် အရေးပေါ်အခြေအနေပြည်သူများအား အသိပေးနှိုးဆော်ထား

ငဖဲ နိုဝင်ဘာ ၃

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် မန်းချောင်းရေလှောင်တမံနှင့် ရင်းရှည်ရေလှောင်တမံရှိသည့်အနက် ရင်းရှည်ရေလှောင်တမံသည် ယနေ့နံနက် ၆ နာရီအချိန် တိုင်းထွာချက်အရ ဆည်ရေပြည့်အမှတ် (RL 602)Ft ရှိရာမှ (R.L 603.10)Ft သို့ရောက်ရှိပြီး ရေပိုလွှဲမှ (၁.၁၀) ပေ အမြင့်ဖြင့်ရေကျော်ကျနေ၍ အရေးပေါ်အခြေအနေအဖြစ် အစိမ်းရောင်အလံလွှင့်ထူ၍ ပြည်သူများအား အသိပေးနှိုးဆော်ဆောင်ရွက်ထားရှိကြောင်း ငဖဲမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးမှူး ဒေါ်စန်းမြင့်ကြည်ထံမှ သိရသည်။

ယခုလက်ရှိတွင် ရင်းရှည်ရေလှောင်တမံအတွင်း ရေပြည့်မှတ်ကျော်လွန်၍ ရေပိုလွှဲမှရေကျော်မှုများရှိနေသော်လည်း မြို့နယ်နှင့်အနီးပတ်ဝန်းကျင်ကျေးရွာများရှိ ပြည်သူများသိရှိနိုင်ရန် အရေးပေါ်အခြေအနေကြိုတင်စီမံခန့်ခွဲမှုအဆင့်(၁)အဖြစ် သတ်မှတ်ပြီး တမံရေပိုလွှဲ၊ ရေထုတ်ပြွန်နှင့် ရှင်းလင်းဆောင်နေရာများတွင်လည်းကောင်း၊ ရင်းရှည်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးနှင့် ကျေးရွာများတွင်လည်းကောင်း အစိမ်းရောင်အလံများစိုက်ထူ၍ အသိပေးနှိုးဆော်ထားရှိသည်။

ဖဲမြို့နယ် ရင်းရှည်ရေလှောင်တမံရေပိုလွှဲမှ နှစ်စဥ်ရေကျော်ကျမှုရှိခဲ့သော်လည်း ယခုနှစ်တွင်တမံမှ(၁.၁၀)ပေ အမြင့်ရေကျော်ကျနေ၍ ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်စရာအခြေအနေမရှိကြောင်း၊ နိုဝင်ဘာလ ပထမပတ်အတွင်းမိုးရေချိန် ၂.၈ လက်မခန့်မိုးရွာသွန်းမှုများခဲ့သည့်အတွက် ရင်းရှည်ဆည်အတွင်း တောင်ကျချောင်းရေနှင့် မိုးရေအဆက်မပြတ်ဝင်ရောက်မှုကြောင့် ရေပိုလွှဲမှ ရေကျော်ကျခြင်းဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ် ကင်းဝေးနိုင်ရေးအတွက် အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုစီမံချက်အရ ပြည်သူများသိရှိနိုင်ရန် အသိပေးနှိုးဆော်ထားရှိကြောင်း၊ တမံ၊ ရေထုတ်ပြွန်နှင့် ဆက်စပ်အဆောက်အဦများ အားလုံးကြံ့ခိုင်ကောင်းမွန်ကြောင်းနှင့် (၂၄)နာရီ ရေကင်းတာဝန်ချထားပြီး အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)