မြဝတီ နိုဝင်ဘာ ၂
ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့၏ စည်းလုံးညီညွတ်မှု၊ သဒ္ဒါတရားထက်သန်မှု ပြယုဒ်တစ်ခုဖြစ်သည့် စာရေးတံမဲပွဲတော်ကို ယနေ့မွန်းလွဲ ၁ နာရီတွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၂) ရပ်ကွက်၌ (၃၀) ကြိမ်မြောက်ကျင်းပရာ ကျောင်းတိုက် ၃၆ တိုက်တို့မှ သံဃာအပါး တစ်ထောင်ကျော် တက်ရောက်သည်။
မြဝတီမြို့နယ်အနေဖြင့် ယခင်နှစ်များတွင် စာရေးတံမဲပွဲတော်အပြင် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို နှစ်စဉ်မပြတ် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပြီး ကိုဗစ်-၁၉ ကာလမှစတင်ကာ စာရေးတံမဲပွဲ တစ်မျိုးတည်းသာ ကျင်းပခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခုနှစ်ကျင်းပသည်မှာ အကြိမ်(၃၀) ပြည့်မြောက်ပြီးဖြစ်ကြောင်း စာရေးတံမဲပွဲတော် ဖြစ်မြောက်ရေးအဖွဲ့မှ တာဝန်ရှိသူ ဦးဝင်းတင်က ပြောသည်။
အဆိုပါစာရေးတံမဲပွဲတော်တွင် မဲနံပါတ် ၁ ရရှိသည့် အလိုတော်ပြည့်ကျောင်းတိုက်အားဆင်းတုတော် (အကြီး)တစ်ဆူ၊ မြသပိတ်နှင့် ငွေပဒေသာပင်တန်ဖိုး ဝတ္ထုငွေကျပ် ၂,၃၀၆,၀၀၀ ကိုလည်းကောင်း၊ မဲနံပါတ် ၂ ရရှိသည့် မွန်ပရိယတ္တိကျောင်းတိုက်အား ဆင်းတုတော်(အလတ်) တစ်ဆူနှင့် ဝတ္ထုငွေကျပ် ၅၀၀,၀၀၀ ကိုလည်းကောင်း၊ မဲနံပါတ် ၃ ရရှိသည့် ရေပူအပေါ်ကျောင်းအား ဆင်းတုတော် (အသေး) တစ်ဆူနှင့် ဝတ္ထုငွေကျပ် ၅၀၀,၀၀၀ ကိုလည်းကောင်း စုစုပေါင်းမဲအလှူငွေကျပ် ၂၂,၂၅၇,၀၀၀ အား လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)