အခြေခံပညာကျောင်းသားအားကစားပွဲတော်အတွက် ပုလောမြို့နယ်အဆင့် ရွေးချယ်ထားသည့် ကျောင်းသား/ကျောင်းသူများအား လေ့ကျင့်သင်ကြားပေးလျက်ရှိ

ပုလော  နိုဝင်ဘာလ  ၂

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော်အတွက် ပုလောမြို့နယ်မှ အခြေခံပညာကျောင်းများမှ အသက် (၁၈)နှစ်နှင့်အောက် ကျောင်းသား/သူများအား မြို့နယ်အဆင့်ရွေးချယ်၍  မြို့နယ်မြို့မအားကစားကွင်းအတွင်း လေ့ကျင့်ပေးလျက်ရှိကြောင်း သိရသည်။

ကျောင်းသား/ကျောင်းသူများအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ရသ၊ သက်မွေးဘက်စုံပညာရေး ကဏ္ဍများတိုးတက်လာစေရန်၊ ကျန်းမာကြံ့ခိုင်သန်စွမ်းသော အားကစားစိတ်ဓာတ်ပြည့်ဝသည့် ဘက်စုံထူးချွန်သော ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အခြေခံပညာ ကျောင်းများမှ ထူးချွန်ကျောင်းသားအားကစားသမားများကို ကျောင်းအဆင့် လူရွေးပွဲ၊ မြို့နယ်အဆင့် အားကစားလူရွေးပွဲများ ကျင်းပပြုလုပ်၍ လေ့ကျင့်သင်ကြားပေးနေခြင်းဖြစ်သည်။

အဆိုပါ မြို့နယ်အဆင့် အခြေခံပညာကျောင်းသား အားကစားပြိုင်ပွဲတွင် ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ ဘတ်စကစ်ဘော စသည့် အားကစားနည်း (၇)မျိုးပါဝင်ကြောင်းနှင့် ပြိုင်ပွဲဝင် ကျောင်းသား/သူ (၁၂၅) ဦးကို နည်းပြ (၇) ဦးဖြင့် တိုင်းအဆင့် အခြေခံပညာကျောင်းသားအားကစားပြိုင်ပွဲတွင် ဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် နေ့စဉ်လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်ဇော်မိုး ထံမှသိရသည်။

အေးအေးမော်(ပုလော)