ဇလွန်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ( HPV ) ထိုးနှံခြင်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

ဇလွန် အောက်တိုဘာ  ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် အသက် (၉) နှစ်မှ (၁၀) နှစ်အတွင်း အမျိုးသမီး များအား  သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ( HPV ) ထိုးနှံခြင်းဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အဖွင့်မိန့်ခွန်းကို  ဗီဒီယိုဖြင့် ပြသခဲ့သည်။ ယင်းနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် (HPV) ကာကွယ်ဆေး စတင်ထည့်သွင်းခြင်း လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည့်ဗီဒီယိုနှင့် ပညာပေးဗီဒီယိုတို့ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်အောင်နှင့် ဌာန ဆိုင်ရာအကြီးအကဲများ၊  မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာ၊ လူမှုရေးအသင်းအဖွဲ့များမှ တက်ရောက် လာသူများကို ပြသခဲ့သည်။

ဇလွန်မြို့နယ်တွင် ( HPV ) ကာကွယ်ဆေးကို   အောက်တိုဘာလ (၂၁ ) ရက်နေ့မှစ၍  အသက်( ၉ ) နှစ်မှ (၁၀) နှစ်အတွင်း အမျိုးသမီးများအား  စတင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)