ကသာမြို့တွင် ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို မွေးကင်းစကလေးမှစ၍ (၂)နှစ်အောက် ကလေးငယ်များအား ထိုးနှံပေး

ကသာ နိုတင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ကျန်းမာရေးဦးစီးဌာနမှ မွေးကင်းစကလေးငယ်များနှင့် အသက်(၂)လမှ (၂)နှစ်အောက်ကလေးငယ်များကို ကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးပေးခြင်းကို ယမန်နေ့နံနက်(၇)နာရီအချိန်တွင် ခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် မြို့တော်ခန်းမတို့တွင် ပြုလုပ်ခဲ့သည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာစိုးသူအန်းနှင့် ကျန်းမာရေးဝန်ထမ်းများက ကသာမြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ ကျေးရွာအုပ်စုများ၊ အင်းတော်မြို့နယ်၊ ဗန်းမောက်မြို့နယ်၊ ထီးချိုင့်မြို့နယ်၊ ကောလင်းမြို့နယ်များမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစကလေးငယ်များနှင့် (၂)လမှ(၂)နှစ်အောက် ကလေးငယ်များအား ခရိုင်ပြည်သူ့ဆေးရုံကြီး၊ မြို့တော်ခန်းမ၊ နီးစပ်ရာဆေးထိုးစုရပ်များတွင်  ကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးခြင်းကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေးခြင်းဖြင့် အသည်းရောင်အသားဝါ၊ ဆုံစို့၊ ကြက်ညှာ၊ ဝက်သက်၊ ဂျိုက်သိုး၊ မေးခိုင်ရောဂါ၊ ဦးနှောက်အမြှေးရောင်၊ ဂျပန်ဦးနှောက်ရောင်၊ ပြင်းထန်အဆုတ်ရောင်၊ ဝမ်းပျက်ဝမ်းလျှော၊ ပိုလီယိုစသည့် ရောဂါများအားကာကွယ်ဆေးကို လစဉ်(၁)ရက်နေ့ (၂)ရက်နေ့အထိ ထိုးနှံပေးကြောင်း ခရိုင်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကျော်စွာထွန်း(ကသာ)