ငပုတော နိုဝင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် သက္ကာယ်ချောင်းကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းက မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ (၉)နာရီ အချိန်မှ စတင်၍ တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းလုပ်ငန်း စတင်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ စာရင်းကောက်ယူရာတွင် မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီမှူး ဒေါက်တာအောင်ရွှေထွန်း ဦးဆောင်မှုဖြင့် သင်တန်းပေးထားသော စာရင်းကောက်များမှ ကောက်ယူဆောင်ရွက်ခြင်းဖြစ်ပြီး စာရင်းကောက်ယူရာသို့ မြို့နယ် တိရစ္ဆာန်ကောက်ယူရေးလုပ်ငန်းကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူနှင့် ကော်မတီအဖွဲ့ဝင်များ လိုက်ပါကြီးကြပ်ဆောင်ရွက်ခဲ့ကြပြီး အဆိုပါ စာရင်းကောက်ယူခြင်းလုပ်ငန်းအား ယနေ့ နိုဝင်ဘာ (၁)ရက်နေ့မှ စတင်ကာ ဒီဇင်ဘာ (၃၁)ရက်နေ့အထိ (၂)လတာအတွင်း တစ်မြို့နယ်လုံး စာရင်းကောက်ယူခြင်းလုပ်ငန်းအား ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းလုပ်ငန်းသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကောက်ယူဆောင်ရွက်ခြင်းဖြစ်ပြီး တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းဖြင့် နိုင်ငံအတွင်းရှိ နှစ်အလိုက် တိရစ္ဆာန်ကောင်ရေ စာရင်းအား ခန့်မှန်းအတည်ပြုနိုင်ခြင်း၊ ဒေသအလိုက် စားသုံးမှုအား ခန့်မှန်းတွက်ချက်နိုင်ပြီး ပြည်တွင်း၊ ပြည်ပဈေးကွက်အား လိုအပ်ချက်နှင့်အညီ မွေးမြူထုတ်လုပ်မှု အစီအမံများ ချမှတ်ရေးဆွဲနိုင်ခြင်း စသောအကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)