တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့နယ်တွင်ပြုလုပ်သည့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်း စတင်ခြင်းအခမ်းအနား တက်ရောက်၊ စိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပုသိမ် နိုဝင်ဘာ

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်၊ ရပ်ကွက်(၆၇)ခု၊ ကျေးရွာ(၂၄၂၅)ရွာတွင် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းလုပ်ငန်းများကို ယခုလ(၁)ရက်နေ့မှစတင်၍ ဒီဇင်ဘာလ(၃၁)ရက်နေ့အထိ (၂)လကြာ စာရင်းကောက်ဦးရေ(၃၆၂၇)ဦးဖြင့်ဆောင်ရွက်သွားမည်ဖြစ်ရာ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်း စတင်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ပေါက်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“  မြန်မာနိုင်ငံ၏ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်း ထုတ်လုပ်မှုတိရစ္ဆာန်ကောင်ရေစာရင်းဇယားများအား အတည်ပြုထုတ်ပြန်နိုင်ရန်နှင့် တိုးပွားမှုဆိုင်ရာတွက်ချက်မှု စံနှုန်းများအား သုံးသပ်ပြင်ဆင်နိုင်ရန် ရည်ရွယ်၍ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ဒေသတစ်ခုမှာရှိသည့် မွေးမြူထားရှိမှုအခြေအနေကို အမှန်သိရှိမှသာ ဒေသအလိုက် မွေးမြူမှု၊ ထုတ်လုပ်မှု၊ စားသုံးမှုနှင့် ဖူလုံမှု/ပိုလျှံမှု/လိုအပ်မှု စသည်တို့ကို ခန့်မှန်းတွက်ချက်နိုင်ပြီး ပြည်တွင်း/ပြည်ပဈေးကွက် လိုအပ်ချက်နှင့်အညီ မွေးမြူထုတ်လုပ်မှုအစီအမံများကို ချမှတ်ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း၊ ထို့အပြင် မွေးမြူမှုဖွံ့ဖြိုးတိုးတက်ရေး၊ တိရစ္ဆာန်ကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးရေးဆိုင်ရာ ပုဂ္ဂလိကနှင့် ပြည်သူပိုင်လုပ်ငန်းစီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ခြင်း၊ သွင်းကုန်/ထုတ်ကုန်မူဝါဒများချမှတ်ရာတွင် အထောက်အကူပြုခြင်း စသည့်လုပ်ငန်းစဉ်များတွင်လည်း မွေးမြူထားရှိမှုကိန်းဂဏန်းများသည် လွန်စွာအရေးပါကြောင်း၊ တိကျမှန်ကန်သည့် တိရစ္ဆာန်ကောင်ရေစာရင်း များရရှိရေးအတွက်  တစ်နိုင်ငံလုံးတွင်‌ မြေပြင်စာရင်းကောက်ယူခြင်းကို ဆောင်ရွက်မှာဖြစ်ပါကြောင်း၊ ရပ်ကွက်/ကျေးရွာများတွင် တစ်အိမ်တက်ဆင်း စာရင်းကောက်ယူကြမည့် စာရင်းကောက်များအနေဖြင့် မေးခွန်းလွှာမှာပါဝင်သည့် အချက်အလက်များကို မှန်ကန်စွာသိနားလည်ပြီး ပြည့်စုံအောင်ကောက်ယူရေးက အခြေခံကျပါကြောင်း၊  စာရင်းကောက်ယူခြင်းဆောင်ရွက်ရမည့် ရပ်ကွက်/ကျေးရွာများတွင် ကွက်ပြည့်ကောက်ယူရေး၊ မှန်မှန်ကန်ကန်ကောက်ယူရေး အလေးထားဆောင်ရွက်သွားကြရန်တိုက်တွန်း” အမှာစကားများပြောကြားသည်။

ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးက စာရင်းကောက်ပုံစံများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီးနောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်း သဏ္ဍန်တူသရုပ်ပြဆောင်ရွက်ခြင်း၊ စာရင်းကောက်အဖွဲ့များက နေအိမ်များသို့ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းနှင့် စီးပွားဖြစ် မွေးမြူခြင်းစာရင်းကောက်ယူခြင်း စတင်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ သဘော့ငူကျေားရွာရှိ တောင်သူဦးသက်ပိုင်စိုး၏ လယ်မြေ ၄ ဧကတွင် မိုးစပါးစိုက်ပျိုးရိတ်သိမ်းပြီးစီး၍ ဒုတိယသီးနှံဖြစ်သည့် မတ်ပဲစိုက်ပျိုးထားရှိမှုအား ကြည့်ရှုအားပေးခဲ့ရာ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာနတိုင်းဦးစီးမှူးမှ ကန်ကြီးထောင့်မြို့နယ်၏ ရေမြေသဘာဝအလိုက် မိုးစပါးစိုက်ပျိုးနိုင်မှုအခြေအနေများ၊ ရေတော်မိုးတော်၊ ရေကြီးကွင်း၊ ရေနက်ကွင်း၊ သဲဆန်ကုန်းချော စိုက်ဧကစုစုပေါင်း (၁၄၃၉၆၀)ဧကအား ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးမှုအပြင် တစ်မိုးနှစ်သီးစိုက်ဧက ၂၈ ဧက တိုးတက်စိုက်ပျိုးနိုင်ခဲ့မှုအခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သီးထပ်စွမ်းအားများတိုးတက်စေရေး၊ ဒုတိယသီးနှံများလည်း အထွက်တိုးစေရေနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေး ကြိုးစားဆောင်ရွက်ကြရန်မှာကြားခဲ့သည်။ ထို့နောက် ကျောင်းကုန်းမြို့နယ်၊ ဂုံမင်းကျေးရွာသို့ သွားရောက်၍ တောင်သူ(၁၁)ဦး၏ ရေကျနောက်စိုက်လယ်မြေ လယ်မြေ(၇၅)ဧက စိုက်ပျိုးပြီးစီးမှုအား ကြည့်ရှုအားပေးခဲ့ပြီး တစ်ဧကအထွက်တိုးစေရေးမှာကြားခဲ့ကာ တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်မြို့နယ်၊ ငကျီးထူကျေးရွာအုပ်စုရှိ တောင်သူဦးကြည်ဝင်းနှင့် တောင်သူဦးဝင်းလှိုင်တို့၏ လယ်မြေ(၅)ဧကတွင် မိုးစပါးစိုက်ပျိုးရိတ်သိမ်းပြီးဖြစ်၍ ဒုတိယသီးနှံ မတ်ပဲစိုက်ပျိုးထားရှိမှုအားကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာနတိုင်းဦးစီးမှူးမှ ကျုံပျော်မြို့နယ်၏ မြေအမျိုးအစားအလိုက် သီးနှံစိုက်ပျိုးဖြစ်ထွန်းမှုအခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် သီးနှံများပန်းတိုင်အထွက်နှုန်းရရှိစေရေး၊ ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးနိုင်ရေး မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ ကြွမန်းကျေးရွာအတွင်းရှိ ယိုး‌ဒယားချောင်းပိတ်ခြင်းလုပ်ငန်းနှင့် ညောင်အိုင်ကျေးရွာအုပ်စုအတွင်းရှိ ညောင်အိုင်-ရင်းတိုက်ကုန်း ချောင်းပိတ်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး၊ လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူး၊ ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူးတို့မှ နွေးစပါး၊ နေကြာနှင့် ဆောင်းသီးနှံများအောင် ရေလုံလောက်စွာရရှိစေရေး ချောင်းပိတ်ခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စိုက်ပျိုးသီးနှံများအောင် ရေလုံလောက်စွာရရှိစေရေး၊ ချောင်းပိတ်လုပ်ငန်းများ အချိန်မီဆောင်ရွက်ပြီးစီးစေရေးမှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရံပုံငွေဖြင့်ဆောင်ရွက်သည့် မိုးစပါးများအား ဝယ်ယူကြိတ်ခွဲသူအစုအဖွဲ့အနေဖြင့် ဆောင်ရွက်သည့် ပြည့်စုံဆန်စက်သို့ သွားရောက်၍ တောင်သူများမှ စပါးပြန်လည်ပေးသွင်းနေမှုများအားကြည့်ရှုအားပေးခဲ့ပြီး ဝယ်ယူကြိတ်ခွဲသူများ၊ တောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ မိုးစပါးရိတ်သိမ်းပြီးစီးမှု၊ အထွက်နှုန်းတိုးတက်ထွက်ရှိမှုနှင့် စပါးပြန်လည်ပေးသွင်းနေမှု အခြေအနေများ ဆွေးနွေးမေးမြန်းခဲ့ပြီး သတ်မှတ်ကာလအတွင်း အပြေအကြေပြန်လည်ပေးသွင်းစေရေး ဆောင်ရွက်ရန်မှာကြားခဲ့ပြီး ဆန်စက်ရှိ စပါးခွံလောင်စာတောင့်စက်ရုံ လည်ပတ်ထုတ်လုပ်နေမှုအခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့ကာ စပါးခွံလောင်စာတောင့်များ ပိုမိုထုတ်လုပ်နိုင်ရေးနှင့် ဈေးကွက်အတွင်း ဈေးနှုန်းသက်သာစွာရောင်းချပေးနိုင်ရေး ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)