ချီဖွေမြို့နယ်အတွင်းရှိ ကန့်ဖန့်ကျေးရွာအုပ်စု၊ မှီရှီတီကျေးရွာအဝင်တွင်(၁၆၀)ပေနှစ်လွှာ တစ်ထပ်ဘေလီတံတား တည်ဆောက်မည့် စီမံကိန်းနေရာအား ကွင်းဆင်းစစ်ဆေး

ချီဖွေ အောက်တိုဘာ ၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်အတွင်းရှိ ကန့်ဖန့်ကျေးရွာအုပ်စု၊ မှီရှီတီ ကျေးရွာအဝင် ငေါ့ချမ်းချောင်းကူး (၁၆၀)ပေနှစ်ထပ် ဘေလီတံတားကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊  ပြည်ထောင်စု နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့်  တည်ဆောက်မည့် လုပ်ငန်းအား ချီဖွေမြို့နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ဆန့်နှင့်အဖွဲ့သည် အောက်တိုဘာလ(၁၇)ရက်နေ့ (၁၈)ရက်နေ့တွင် ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

အဆိုပါ ကန့်ဖန့်ကျေးရွာအုပ်စု၊ မှီရှီတီကျေးရွာအဝင် ငေါ့ချမ်းချောင်းကူးတံတားသည် ချီဖွေမြို့နယ် ဖီမော်- ကန့်ဖန့်- လန်ဆယ်(၇၈) မိုင်လမ်းမှ ကန့်ဖန့်ရွာအထက် (၄)မိုင်အကွာ မှီရှီတီ ကျေးရွာအဝင်တွင် တည်ရှိပြီး ကချင်အထူးဒေသ(၁) NDAK လက်ထက်တွင် တည်ဆောက်ခဲ့သော မျောတိုင်သစ်လုံး သစ်သားတံတား ဖြစ်ပြီး  ယခုအချိန်တွင်  သစ်လုံးသစ်သားတံတားမှာ ဟောင်နွမ်း ပျက်စီးနေသဖြင့် နှစ်ထပ်သံဘောင်ဘေလီ (၁၆၀)ပေ တံတားအသစ် အစားထိုးတည်ဆောက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါတံတားအား ဆောက်လုပ်ပြီးစီးပါက ဖြတ်သန်းအသုံးပြုနေရသည့် ငွါးဖခါးကျေးရွာအုပ်စုနှင့် ကန့်ဖန့် ကျေးရွာအုပ်စု ကျေးရွာပေါင်း(၁၀)ရွာ၊ အိမ်ထောင်စု(၂၇၆)စု၊ လူဦးရေ (၁၆၅၉)ဦး တို့အတွက် သွားလာရေး ပိုမိုအဆင်ပြေကာ ဒေသဖွံ့ဖြိုးရေးအတွက် များစွာအထောက်အကူ ဖြစ်လာမည် ဖြစ်ကြောင်း တံတား တည်ဆောက်မည့် တည်နေရာနှင့် လက်ရှိအသုံးပြုနေသည့် ဒေသခံများနှင့် တွေ့ဆုံဆွေးနွေး ကွင်းဆင်းခဲ့ကြောင်း ချီဖွေမြို့နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ သိရသည်။

နန်းမြင့် (မြို့နယ်ပြန်/ဆက်)