ကြံခင်း နိုဝင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးလောင်မှုလျှော့နည်းစေရေး၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ပျက်ဆီးမှု လျှော့နည်းစေရန်ရည်ရွယ်ပြီး ယမန်နေ့နေ့လည်ပိုင်းက ကြံခင်းမြို့မဈေးနှင့် ဘက်ရဲမြို့မဈေးတို့တွင် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဇာတ်တိုက်လေ့ကျင့်ရာတွင် မြိုနယ်မီးသတ်ဦးစီးအရာရှိ ဦးကိုကိုနိုင်ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီးဖြင့် ဇာတ်တိုက်သရုပ်ပြပြီးနောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများအား ရုတ်တရက်မီးဘေးအန္တရာယ်ကြုံတွေ့ပါက (DCP) မီးသတ်ဆေးဗူးဖြင့် ငြိမ်းသတ်နိုင်ရန်အသုံးပြုပုံအား လက်တွေ့သရုပ်ပြလေ့ကျင့်ပေးခဲ့သည်။
အဆိုပါဇာတ်တိုက်လေ့ကျင့်ခြင်းကို မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ တတ်ရောက်ကြည့်ရှုအားပေးကြပြီးနောက် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးကိုကိုနိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်လျှပ်စစ်ရုံးမှ တာဝန်ရှိသူများက မြို့မဈေးအတွင်း လျှပ်စစ်ကြိုးသွယ်တန်းအသုံးပြုခြင်း၊ မီးမိန်းများစစ်ခြင်း၊ မီးသတ်ဆေးဗူးနှင့် ရေသိုလှောင်ထားရှိခြင်း၊ မီးချိတ်၊ မီးကပ်၊ သဲအိတ်များ မီးဘေးကြိုတင်ကာကွယ်နိုင်ရန် ပြင်ဆင်ထားရှိရမှုအားလည်းကောင်း၊ ဘက်ရဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကို၊ ဘက်ရဲမြို့ မီးသတ်တပ်ဖွဲ့ ဒုတိယဦးစီးမှူး ဦးစည်သူအောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဘက်ရဲဈေးတာဝန်ခံများမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်ခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်နိုင်ရန် ဆောင်ရွက်ထားရှိခြင်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)