ကြံခင်း နိုဝင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ဘက်ရဲမြို့၊ အမှတ်(၁)ရပ်ကွက်တွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ မြန်မာနိုင်ငံ၏ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်း ထုတ်လုပ်မှုစာရင်းဇယားများ အတည်ပြုထုတ်ပြန်နိုင်ရန်နှင့် တိရစ္ဆာန်ကောင်ရေတိုးပွားမှုဆိုင်ရာ တွက်ချက်မှုစံနှုန်းများအား သုံးသပ်ပြင်ဆင်နိုင်ရန်အတွက် ယမန်နေ့နံနက်ပိုင်းက တိရစ္ဆာန်ကောင်ရေစာရင်း စတင်ကောက်ယူခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြသည်။
တိရစ္ဆာန်ကောင်ရေစာရင်း စတင်ကောက်ယူရာသို့ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များက ကြည့်ရှူအားပေးခဲ့ကြပြီး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းကို ဦးဆောင်မှုဖြင့် သင်တန်းပေးထားသော စာရင်းကောက်အဖွဲ့ဝင်များက ကောက်ယူကြပြီး၊ မြို့နယ်တိရစ္ဆာန်ကောက်ယူရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များ ကြီးကြပ်မှုဖြင့် တိရစ္ဆာန်ကောင်ရေစာရင်းအား စံပြစတင်ကောက်ယူရာ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု(၂၂)စုတွင် ရပ်ကွက်(၁)ရပ်ကွက်နှင့် ကျေးရွာ(၅၀)ရှိ အိမ်မွေးတိရစ္ဆာန်နှင့် စီးပွားဖြစ်မွေးမြူရေးခြံများကို စာရင်းကောက်အင်အား(၃၀)ဦးဖြင့် (Conncare Application) ကိုအသုံးပြု၍ နိုဝင်ဘာလ(၁) ရက်နေ့မှဒီဇင်ဘာလ(၃၁)ရက်နေ့အထိ စာရင်းကောက်ယူရေးသွင်းမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းဖြင့် နှစ်အလိုက် တိရစ္ဆာန်ကောင်ရေစာရင်းအား ခန့်မှန်းအတည်ပြုနိုင်ရန်၊ မွေးမြူမှုဖွံ့ဖြိုးတိုးတက်ရေး၊ တိရစ္ဆာန်ကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးရေးဆိုင်ရာ ပြည်သူပိုင်နှင့် ပုဂ္ဂလိကပိုင်လုပ်ငန်းစီမံကိန်း၊ စီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူထံက သိရသည်။
မြို့နယ်(ပြန်/ဆက်)