ကျိုက်လတ်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းလုပ်ငန်း လှုပ်ရှားမှု စတင်ဆောင်ရွက်

ကျိုက်လတ် နိုဝင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ရောဂါကာကွယ် ထိန်းချုပ်ရေးများ ဆောင်ရွက်ရာတွင် တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်း ထုတ်လုပ်မှုစာရင်းဇယားများအား အတည်ပြုထုတ်ပြန်နိုင်ရန်နှင့် တိရစ္ဆာန်ကောင်ရေ တိုးပွားမှုဆိုင်ရာတွက်ချက်မှု စံနှုန်းများအား သုံးသပ်ပြင်ဆင်နိုင်ရန်ရည်ရွယ်၍ တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်း လုပ်ငန်းလှုပ်ရှားမှုကို ယမန်နေ့ နံနက်ပိုင်းက ကျိုက်လတ်မြို့နယ်၊ ပန်းပဲစုကျေးရွာအုပ်စု၊ ပန်းပဲစုကျေးရွာတွင် စတင်ဆောင်ရွက်ခဲ့သည်။

ထိုသို့ တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူရေး လုပ်ငန်းကော်မတီအဖွဲ့တို့မှ ပါဝင်ကူညီကြီးကြပ်၍ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် သင်တန်းပေးထားသည့် စာရင်းကောက်လုပ်သားများက ကျေးရွာအလိုက် အိမ်တိုင်ရာရောက် မေးမြန်းခြင်းဖြင့် စာရင်းကောက်ယူလျက်ရှိကြောင်းသိရသည်။ တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းနှင့် ဖြည့်သွင်းခြင်း၊ စာရင်းပေးပို့ခြင်းလုပ်ငန်းများအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်နေ့မှ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ နှစ်လကြာ ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာမျိုးမြင့်ထံမှ သိရသည်။

လှိုင်မင်းအောင်