ပဲခူးမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကျင်းပ

ပဲခူး နိုဝင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက ပဲခူးမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ဝိုင်အမ်ဘီအေခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နီလာကြည်က အဖွင့်အမှာစကားပြောကြားပြီး ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချစ်ချစ်သန်းက ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရန် ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် နှုတ်မှုစွမ်းရည်များ တိုးတက်မြင့်မားလာစေရန်နှင့် တစ်ဦးနှင့်တစ်ဦး အသိပညာများ၊ အတတ်ပညာများဖလှယ်နိုင်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချစ်ချစ်သန်းနှင့် မြန်မာဘာသာရပ်မှူး ဆရာမဒေါ်လေးလေးနွယ်တို့က Moderator အဖြစ် ဆောင်ရွက်ပေးပြီး အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် Grade-11 မှ မငြိမ်းအေးသူက လူငယ်နှင့်မျိုးချစ်စိတ်၊ Grade-10 မှ မောင်စွမ်းသစ်ဇော်က လူငယ်နှင့်ကိုယ်ကျင့်တရား၊ Grade-10 မှ မခြူးတိမ်လွှာထက်က လူငယ်နှင့်မူးယစ်ဆေးဝါး၊ Grade-8 မှ မောင်ကောင်းမြတ်ဟိန်းက လူငယ်နှင့်စာပေလေ့လာမှု စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဦးဆောင်ဆွေးနွေးကြသည်။ ယင်းနောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းရာ သက်ဆိုင်ရာဦးဆောင်ဆွေးနွေးသူများမှ ပြန်လည်ရှင်းလင်းဆွေးနွေးဖြေကြားခဲ့သည်။

ဆက်လက်၍ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နီလာကြည်က  ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်များအား တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရှိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)