သာယာဝတီ နိုဝင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ယနေ့နံနက် ၉ နာရီက သာယာဝတီခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဦးတင်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး အသေးစားစက်မှု၊ လက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အပြည့်အဝကူညီဆောင်ရွက်ပေးမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းထွက်ကုန်များအား ဈေးကွက်အတွင်း ရောင်းချနိုင်ရေးကူညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် လုပ်ငန်းထူထောင်မည့် သင်တန်းသူများအတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများအား ပေးအပ်ခဲ့ပြီး သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်း ပေးအပ်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့စီးပွားရေးရာဝန်ကြီး ဦးတင်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးကျော်ဇင်ထွန်း၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)