ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန် စာပေဟောပြောပွဲ ကျင်းပပြုလုပ်

ပွင့်ဖြူ နိုဝင်ဘာ ၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းရှိ ကျောင်းသား ကျောင်းသူများ အသိပညာ ဗဟုသုတ တိုးပွားစေရန်နှင့် ထူးချွန်ထက်မြက်သော လူတော်လူကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ နိုဝင်ဘာ ၂ ရက်၊ မွန်းလွဲ ၂ နာရီက အဆိုပါ ကျေးရွာစာသင်ကျောင်း၌ စာပေဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာပေဟောပြောပွဲတွင် စာရေးဆရာမ ဇူးဇူးလှိုင်က ကျောင်းသားကျောင်းသူများ အသိပညာ ဗဟုသုတနှင့် ပြည့်စုံပြီး ယဉ်ကျေးလိမ္မာစေရန်၊ ပညာရည် ထူးချွန်ထက်မြက်သော လူတော်လူကောင်းများ ဖြစ်စေရန်အတွက် အားလပ်ချိန်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချပြီး သုတ/ရသစာအုပ်စာပေများကို လေ့လာဖတ်ရှုကြရန်၊ စာပေလေ့လာဖတ်ရှုခြင်းသည် တန်ဖိုးမဖြတ်နိုင်သော အကျိုးကျေးဇူးများစွာကို ခံစားရရှိနိုင်ကြောင်း ၊ "အလိမ္မာ စာမှာရှိ ၊ စာအုပ်စာပေ လူ့မိတ်ဆွေ" ဆိုသည့်အတိုင်း စာဖတ်တတ်သူတိုင်း စာဖတ်ကြဖို့လိုကြောင်း ၊ စာပေလေ့လာဖတ်ရှုမှသာ မိမိဘဝ ဖွံ့ဖြိုးတိုးတက်လာစေမှာဖြစ်ကြောင်း၊ စာအုပ်စာပေများကို များများလေ့လာဖတ်ရှု သွားမည်ဆိုပါက အမှား/အမှန်၊ အကောင်းအဆိုး သိရှိနားလည်ပြီး လိမ္မာယဉ်ကျေးသူများ ဖြစ်လာမှာဖြစ်ကြောင်းစသည့် စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ စာပေဟောပြောပွဲသို့ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးချမ်းအေးအောင်နှင့်ဆရာ၊ ဆရာမများ၊ ကျောင်းဖွံ့ဖြိုးရေးကော်မတီဝင်များနှင့် ကျေးရွာရပ်မိရပ်ဖများ၊ ကျောင်းသားကျောင်းသူ ၆၈၂ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ )