မြဝတီမြို့နယ်တွင် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန် အပြီးဆောင်ရွက်မည်

မြဝတီ           နိုဝင်ဘာ        ၂

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယမန်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊   နိုင်ငံတော်အဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေး လုပ်ငန်းဖွင့်ပွဲ အခမ်းအနားမှ သိရသည်။

အခမ်းအနားတွင် မြဝတီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က  ၂၀၂၃ ခုနှစ်၊ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရခြင်းနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာမင်းဝင်းအောင်က ၂၀၂၃ ခုနှစ်၊  နိုင်ငံတော်အဆင့်   တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရခြင်း ရည်ရွယ်ချက်၊  နှစ်အလိုက်  မြန်မာနိုင်ငံရှိ  တိရိစ္ဆာန်ကောင်ရေ   ခန့်မှန်းအတည်ပြုနိုင်ခြင်း၊ ဒေသအလိုက် စားသုံးမှုခန့်မှန်းတွက်ချက်နိုင်ကာ  ပြည်တွင်းပြည်ပဈေးကွက်လိုအပ်ချက်နှင့်အညီ မွေးမြူထုတ်လုပ်မှု အစီအစဉ်များရေးဆွဲနိုင်ခြင်း  စသည့် မျှော်မှန်းအကျိုးကျေးဇူးရလဒ်များ၊ စာရင်းကောက်ယူရာတွင် ရပ်ကွက်/ကျေးရွာ  တာဝန်ရှိသူများက  ဝိုင်းဝန်းပူးပေါင်း  ဆောင်ရွက်ကြရေးနှင့်   စာရင်း ကောက်ယူမည့် ပုံစံအချက်အလက်များကို အသေးစိတ် ရှင်းလင်းသည်။

အဆိုပါတိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်းကို မြဝတီမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း  မြို့နယ်ဦးစီးမှူး  ဒေါက်တာမင်းဝင်းအောင်ထံမှ သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)