ညောင်လေးပင် နိုဝင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လင်းရောင်သစ်ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁နာရီအချိန်က ပြွန်တန်ဆာမြို့ လင်းရောင်သစ်ကိုယ်ပိုင် အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ပထမဦးစွာ လင်းရောင်သစ်ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စောသီတာမှ အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီဝင်းမှ လူငယ်စကားဝိုင်းကျင်းပရခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ လူငယ်စကားဝိုင်းမှ အသိပညာ၊ ဗဟုသုတများပိုမို ရရှိစေပြီးတစ်ဦးနှင့်တစ်ဦး အသိပညာ အတွေ့အကြုံ ဖလှယ်ဆွေးနွေးခြင်းဖြင့် လူငယ်အချင်းချင်း ရင်းနှီးမှုများရရှိကာ နှုတ်မှုစွမ်းရည် ပြည့်ဝလာမည်ဖြစ်ကြောင်း လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပခဲ့ရာ လင်းရောင်သစ်ကိုယ်ပိုင် အထက်တန်းကျောင်းမှ Grade-11 ကျောင်းသူ မမေမြတ်နိုးအေးက လူငယ်နဲ့စာပေချစ်မြတ်နိုးစိတ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသား မောင်ခန့်ဖုန်းသျှံ လူငယ်နဲ့ကျန်းမာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသား မောင်အောင်ကောင်းမြတ်မှ လူငယ်နဲ့ပရဟိတစိတ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grare-11 ကျောင်းသူ မမေဖြူခိုင်က လူငယ်နဲ့စာဖတ်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသား မောင်ပိုင်ထူးခန့်မှ လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို လင်းရောင်သစ်ကိုယ်ပိုင်အထက်တန်းကျောင်း ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅၀)ဦး တက်ရောက်ခဲ့ကြပြီး စကားဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့်စာအုပ်ပြပွဲအား ခင်းကျင်းပြသထားရာ တက်ရောက်လာကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဟိန်းသူနိုင်(ပြန်/ဆက်)