ငါးသိုင်းချောင်းမြို့ နေရာကန့်သတ်စောင့်ကြည့်စင်တာသို့ PPE ဝတ်စုံ(၄၂)စုံနှင့် တစ်နေ့တာ အာဟာရလှူဒါန်း

ငါးသိုင်းချောင်း   အောက်တိုဘာ   ၂၂

ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ အ.ထ.ကကျောင်းရှိ နေရာကန့်သတ်စောင့်ကြည့်စင်တာကို စက်တင် ဘာလ (၃)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အောက်တိုဘာလ (၂၁)ရက်နေ့အထိ နေရာကန့်သတ် စောင့်ကြည့်မှု ခံယူခဲ့သူ စုစုပေါင်း(၁၅၆)ဦး ရှိပြီဖြစ်ပြီး လက်ရှိအချိန်တွင် (၇၀)ဦး နေရာကန့်သတ် စောင့်ကြည့်မှု ဆက်လက်ခံယူလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အ.ထ.က၊ ငါးသိုင်းချောင်း(၁၉၉၆-၉၇) ပညာသင်နှစ်၊ ဒသမတန်းကျောင်းသား၊ ကျောင်းသူဟောင်းများ စုပေါင်း၍ အဆိုပါ နေရာကန့်သတ် စောင့်ကြည့်စင်တာရှိ စောင့်ကြည့်မှု ခံယူနေသူများအတွက် တစ်နေ့တာ အာဟာရဒါန လှူဒါန်းခြင်းနှင့် မြို့ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ PPE ဝတ်စုံ(၄၂)စုံကို ပေးအပ်လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

လက်ရှိအခြေအနေတွင် အဆိုပါနေရာကန့်သတ်စောင့်ကြည့်စင်တာတွင် နေရာကန့်သတ် စောင့်ကြည့်မှုခံယူနေသူ အားလုံးသို့ နေ့စဉ်ကျန်းမာရေးစစ်ဆေးပေးခြင်း၊ နေထိုင်စားသောက်မှု အဆင်ပြေစေရေး စီစဉ်ဆောင်ရွက်ပေးခြင်းနှင့် အခြားလိုအပ်သောလုပ်ငန်းများကို သက်ဆိုင်ရာ ကော်မတီနှင့် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ဒေသခံပြည်သူလူထုက ဝိုင်းဝန်းကူညီပံ့ပိုးဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါစင်တာတွင် ယမန်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ရှာဖွေစစ်ဆေးမှု အကြိမ်ရေ(၄)ကြိမ်တွင် (၄၃) ဦး စစ်ဆေးဆောင်ရွက်ခဲ့ရာ (၄၂)ဦး (Negative) အဖြေရရှိခဲ့ကြောင်း၊ ရောဂါရှာဖွေတွေ့ရှိခဲ့သူ (၁) ဦးကို ငါးသိုင်းချောင်းတိုက်နယ် ပြည်သူ့ဆေးရုံ တွင် (Isolation Ward) သီးသန့်နေရာကန့်သတ်၍ စောင့်ကြည့်ကုသဆောင်ရွက်ပေးလျက်ရှိကြောင်း သက်ဆိုင်ရာပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရှိရသည်။

စိုးမင်းဦး(ပြန်/ဆက်)