လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ယူမည့် မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များအား ပညာပေးသင်တန်းဖွင့်လှစ်

လှိုင်းဘွဲ အောက်တိုဘာ ၂၂

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လှိုင်းဘွဲမြို့နယ်အတွင်းရှိ မဲရုံ(၁၇၆)ရုံတွင် တာဝန်ယူဆောင်ရွက်မည့် မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များအား  ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်ရမည့် လုပ်ငန်းများကို စနစ်တကျဆောင်ရွက်တတ်စေရန်အတွက် အသိပညာပေးသင်တန်း ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက အောင်ဆန်းခန်းမ၌ ဆောင်ရွက်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ဘားအံခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင် ဒေါက်တာ သိန်းဇော်ဝင်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်း တို့က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာရှိ မဲရုံများတွင် တာဝန်ယူဆောင်ရွက်နေ သည့်  ဆရာ/မများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး/စာရေးများ အနေဖြင့် ရွေးကောက်ပွဲနှင့် ပတ်သက် သည့် လုပ်ငန်းများကို စနစ်တကျပူးပေါင်း၍ ကြိုးစားဆောင်ရွက်ကြပါရန် ပြောကြားခဲ့ပြီး လှိုင်းဘွဲမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ့ဥက္ကဋ္ဌ ဦးဇော်ညွန့်က မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များအား သင်တန်းဖွင့်လှစ် ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းခြင်း၊ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင်  မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်အဖွဲ့ဝင်များ၏ တာဝန်ဝတ္ထရားများ၊ မီဒီယာကိစ္စများ၊ ပြစ်မှုပြစ်ဒဏ်များ၊ ခိုင်လုံမဲ၊ ပယ်မဲနှင့်ပူးတွဲပုံစံများ၊ မဲရေတွက်ခြင်း/ထုပ်ပိုးခြင်း၊ မဲရလဒ်ပုံစံ (၁၆)/၁၆-က ရေးသွင်းခြင်း၊ မဲရုံခင်းကျင်းခြင်း၊ လက်တွေ့သရုပ်ပြခြင်းတို့ကို သင်တန်းနည်းပြ (၆)ဦးက မဲရုံမှူးနှင့် ဒုမဲရုံမှူး သင်တန်းတွင်  မဲရုံတာဝန်ထမ်းဆောင်ကြမည့် ဆရာ/မ (၃၅၂)ဦး၊ ရပ်ကွက်/ကျေးရွာအုပ်စု (၈၅)အုပ်စုတို့မှ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲ(၈၅)ဦး စုစုပေါင်း (၄၃၇) ဦးတို့အား အောက်တိုဘာ (၂၂) ရက်နေ့မှ (၂၈) ရက်နေ့အထိ ရက်သတ္တပတ်တစ်ပတ် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)