မင်းဘူး နိုဝင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ရွှေစက်တော်ဘေးမဲ့တောဥယျာဉ်ရှိ ရှားပါးမျိုးစိတ်စာရင်းဝင် ဒေသရင်းမျိုးစိတ် Endemic Species မြန်မာ့ကြယ်လိပ်များမှ ယခင်နှစ်က သတ်မှတ်ထားသည့် ကြယ်လိပ်အကောင်ရေ ၁၀၀၀ အား မူရင်းဒေသသဘာဝတောအတွင်းသို့ ပြန်လွှတ်ပေးသွားမှာဖြစ်ကြောင်း ရွှေစက်တော်ဘေးမဲ့တောဥယျာဉ် သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဆန်းထံမှ သိရသည်။
ရွှေစက်တော် ဘေးမဲ့တောရှိ ကြယ်လိပ်များသည် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသတွင်သာ တွေ့ရသော ဒေသရင်းဖွားမျိုးစိတ်ဖြစ်သည်။ မြန်မာ့ကြယ်လိပ် (ခ) ပင့်ကူလိပ် Burmese Star Tortoise များကို ဒေသသုံးအမည်များအဖြစ် မြလိပ်၊ ဆီချိုလိပ်၊ တောင်ပုံလိပ်နှင့် နတ်လိပ်ဟူ၍လည်း ခေါ်ဆိုကြပြီး၊ ၂၀၀၄ ခုနှစ်မှစတင်ကာ မန္တလေး ရတနာပုံဥယျာဉ်၊ လောကနန္ဒာ ဘေးမဲ့တော၊ မင်းစုံတောင် ဘေးမဲ့တော၊ ရွှေစက်တော် ဘေးမဲ့တောတို့တွင် ခြံခတ်မွေးမြူခြင်းကို သစ်တော ဦးစီးဌာန၊ သားငှက်တိရစ္ဆန်အဖွဲ့နှင့် လိပ်မျိုးရှင်သန်ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ကာမွေးမြူခဲ့ကြပြီး အရွယ်ရောက်လာသော ကြယ်လိပ်များကို သဘာဝတောအတွင်းသို့ ပြန်လွှတ်ပေးခဲ့ကြောင်းလည်း သိရသည်။
“ထိုကဲ့သို့ မူရင်းဒေသ သဘာဝတောအတွင်းသို့ ၂၀၀၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ လိပ်အကောင်ရေ ၁၇၅၀ လွှတ်ပေးခဲ့ကာ ၂၀၂၂ မှ ၂၀၂၃ ခုနှစ်များအတွက် ကြယ်လိပ်အကောင်ရေ ၁၀၀၀ လွှတ်ပေးသွားမှာဖြစ်ပြီး ဥမှပေါက်ခါစကြယ်လိပ်များနှင့် အရွယ်မရောက်သေးသော ကြယ်လိပ်များကို လွှတ်ပေးခြင်းမျိုးမဟုတ်ဘဲ အရွယ်ရောက်ပြီး သုံးနှစ်မှ ငါးနှစ်အရွယ်ကြယ်လိပ်များကိုသာ မူရင်းဒေသဖြစ်သော သဘာဝတောအတွင်း ပြန်လွှတ်ပေးမှာပါ“ ဟုရွှေစက်တော်ဘေးမဲ့တောဥယျာဉ် သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဆန်းက ပြောပြသည်။
ကြယ်လိပ်များကို ကျေးလက်တောရွာများတွင် နေထိုင်ကြသူများက စားသုံးရန်အမဲလိုက်ခွေးများ အသုံးပြု၍ ရှာဖွေဖမ်းဆီးသတ်ဖြတ်ခြင်း၊ တောခွေးများက ဖမ်းဆီးကိုက်ဖြတ်စားသောက်ခြင်း၊ ကြယ်လိပ်များကို အိမ်အလှမွေးတိရစ္ဆာန်အဖြစ် တွင်ကျယ်စွာမွေးမြူလာကြပြီး တရားမဝင် ရောင်းဝယ်မှုများရှိခြင်း၊ လိပ်များကျက်စားသည့်နယ်မြေရှိ သစ်တော၊ သစ်ပင်များကို ခုတ်ထွင်ရှင်းလင်း၍ စိုက်ပျိုးမြေ ပြုလုပ်လာခြင်းနှင့် သားရဲတိရစ္ဆာန်များ၏ အန္တရာယ်မှကာကွယ်၍ ရွှေစက်တော် ဘေးမဲ့တောဥယျာဉ်မှ ဝန်ထမ်းများက ကြယ်လိပ်အကောင်ရေ ၂၀၀၀ ကျော်ကို ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြောင်းလည်း သိရသည်။
ဇေယျာထက်(မင်းဘူး)