ဘားအံ နိုဝင်ဘာ ၁
(၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဘားအံမြို့နယ်၊ ကော့တရုတ်ရကျေးရွာအုပ်စု၊ မူးရာ-ရန်းသော်ခီး-တောကြီးရွာနိုင် ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီခန့်က ရန်းသော်ခီးကျေးရွာရှိ အဆိုပါ လမ်းမုခ်ဦးတည်နေရာ၌ ကျင်းပခဲ့သည်။
လမ်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နိုင်ငံ့လူဦးရေ၏(၇၀)ရာခိုင်နှုန်းကျော်သည် ကျေးလက်နေပြည်သူများဖြစ်ကြပြီး နိုင်ငံတော်အစိုးရအနေဖြင့် မြို့ပြနှင့်ကျေးလက်ဒေသကွာဟမှုကျဉ်းမြောင်းပြီး နည်းနိုင်သမျှနည်းအောင်ဆောင်ရွက်ပေးလျက်ရှိရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်မျှော်မှန်း၍ ကမ္ဘာ့ကုလသမဂ္ဂကချမှတ်ထားသော စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း ၏ ရည်မှန်းချက်များနှင့် အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာများ၏ ရည်မှန်းချက်များနှင့်အညီ စဉ်ဆက်မပြတ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဦးစားပေးအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ကျေးရွာဖွံ့ဖြိုးတိုးတက်ရန်အတွက် ကိုယ့်အားကိုယ်ကိုးပြီး စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် အချိန်တိုအတွင်း ယခုကဲ့သို့ ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းကြီးပေါ်ထွန်းလာပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုတန်ဖိုးထား၍ အကျိုးရှိရှိအသုံးပြုကြရန်နှင့် ရေရှည်အသုံးပြုနိုင်ရန် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးဝင်းနိုင်က ကွန်ကရစ် လမ်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကော့တရုတ်ရကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်း ဆောင်ရွက်မှုအခြေအနေများကိုရှင်းလင်းတင်ပြ၍ ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်လမ်းကော်မတီအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လမ်းဖွင့်ပွဲအထိမ်းအမှတ်အလံငယ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးက လမ်းဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်များအား လက်ရောက်ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ကော့တရုတ်ရကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးတို့က မူးရာ-ရန်းသော်ခီး-တောကြီးရွာနိုင် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အဆိုပါလမ်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)ရန်ပုံငွေကျပ်(၁၀)သန်း၊ ပြည်သူလူထုထည့်ဝင်ငွေကျပ်(၅၀)သန်းဖြင့် ၂၇၀၀ ပေ၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှုလျော့ချရေး(ကလဖ)ရန်ပုံငွေမှ (ဘိလပ်မြေအိတ် ၃၀၀) အတွက် ငွေကျပ် ၃ ဒဿမ ၃ သန်း၊ ပြည်သူလူထုထည့်ဝင်ငွေကျပ် ၅၆ ဒဿမ ၇ သန်းဖြင့် ၂၆၀၀ ပေ၊ စုစုပေါင်း လမ်းအရှည် ၅၃၀၀ ပေအတွက် ကုန်ကျငွေပေါင်း ကျပ်သန်း ၁၂၀ ဖြင့် ဆောင်ရွက်ပြီးစီး၍ ယနေ့လမ်းဖွင့်ပွဲကို ကျင်းပရခြင်းဖြစ်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အဆိုပါ လမ်းအားဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆီထွက်သီးနှံဆောင်းနေကြာစိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့နှင့်မြေဩဇာထောက်ပံ့ပေးအပ်ပွဲကို နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၉ နာရီခွဲခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ကျင်းပခဲ့သည်။
ထောက်ပံ့ပေးအပ်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မိုးစပါးအပြီးတွင် နွေးစပါး၊ ပဲတီစိမ်း၊ နေကြာသီးနှံစသည့် ဆီထွက်သီးနှံများအပြင် အခြားအလားအလာရှိသည့်သီးနှံများကို နှစ်သီးမှသုံးသီးအထိ စိုက်ပျိုး ထုတ်လုပ်မှသာလျှင် ပြည်နယ်အတွင်း ဆန်၊ဆီ၊ပဲဖူလုံပိုလျှံပြီး သီးနှံစိုက်စွမ်းလည်းတိုးမြင့်လာကာ သီးနှံထွက်ကုန်များကို ပြည်ပသို့တင်ပို့ရောင်းချခြင်းမှ ဝင်ငွေများပိုမို ရရှိလာမည်ဖြစ်ကြောင်း၊ ဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများကို တိုးမြှင့်စိုက်ပျိုးရန်လိုအပ်သကဲ့သို့ ဆီထွက်များပြီး ကျန်းမာရေးနှင့်ညီညွတ်သည့်နေကြာသီးနှံကို တိုးချဲ့စိုက်ပျိုးရန် လိုအပ်ကြောင်း၊ ယခုနှစ်တွင်ပြည်နယ်အတွင်း ဆောင်းနေကြာသီးနှံစုစုပေါင်းဧက (၃၈၁၄)ကျော်ခန့် စိုက်ပျိုးမည် ဖြစ်ပြီး ဆီဖူလုံမှုပြည့်မီကျော်လွန်ရေးအတွက် တောင်သူများက ပူးပေါင်းဆောင်ရွက်ကြဖို့လိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များက ဘားအံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ တောင်သူများ အတွက် ယူရီးယားဓာတ် မြေဩဇာ ၁၅၀ အိတ်၊ သဘာဝမြေဩဇာ ၁၅၀ အိတ်နှင့် စိုက်ဧက ၁၅၀ ဧကအတွက် ရေဆင်းစပ်မျိုး-၁ နေကြာမျိုးစေ့များကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ဆီထွက်သီးနှံ ဆောင်းနေကြာစိုက်တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)