ဆင်ပေါင်ဝဲ နိုဝင်ဘာ ၁
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား/သူ ဟောင်းများ၏ (၂၇) ကြိမ်မြောက် အာစရိယပူဇော်ပွဲကို ယနေ့ နေ့လယ် ၂ နာရီအချိန်က မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ အာစရိယပူဇော်ပွဲကို အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ ဟောင်းများက ပဥ္စဂုဏံ အဟံဝန္ဒာမိ၊ အာစရိယဂုဏံ အဟံဝန္ဒာမိ ဂါထာတော် သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ဆရာကြီး ဦးစိုးသိန်းက ပူဇော်ပွဲကျင်းပရခြင်းအကြောင်းနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြကာ ကျောင်းသား/သူဟောင်းများက လက်ဆယ်ဖြာထိပ်မှာမိုး၍ အာစရိယဝန္ဒနာ ကန်တော့ချိုးဖြင့် ညီညာဖြဖြ ဆရာကြီး၊ ဆရာမကြီးများကို ဆုတောင်းမေတ္တာပို့ကြသည်။
ဆက်လက်၍ ဆရာကြီး ဦးစိုးတင့်၊ ဆရာမကြီး ဒေါ်ခင်သိန်းတိုးနှင့် ဆရာကြီး ဦးခင်မောင်လွင် တို့မှ ကျောင်းသား/သူဟောင်းများကို ဆုံးမသြဝါဒစကားများ ပြောကြားပြီး ကန်တော့ခံငွေနှင့် အမှတ်တရပစ္စည်းများကို လက်ဝယ်အရောက်ပေးအပ်ခဲ့ကြကာ ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများကိုယ်စား ဆရာကြီး ဦးဆယ်တင် မှ ဆုတောင်းမေတ္တာပို့သပေးခဲ့ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)