ရေနံချောင်း နိုဝင်ဘာ ၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ရေနံချောင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ရေနံချောင်းမြို့နယ် ဘူးကျွန်းကျေးရွာအုပ်စု နတ်စင်ကျေးရွာဓမ္မာရုံတွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးအောင်ဇင်ဦးက အဖွင့်အမှာစကားပြောကြားပြီးနှင့် အတွင်းရေးမှူး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာမေလွင်ဦးက တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေးလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေးလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်အတွင်း တိရစ္ဆာန်ကောင်ရေနှင့်တိရစ္ဆာန်ထွက်ပစ္စည်းထုတ်လုပ်မှု စာရင်းစာဇယားများအား အတည်ပြုထုတ်ပြန်နိုင်ရန်နှင့် တိရစ္ဆာန်ကောင်ရေတိုးပွားမှုဆိုင်ရာစံနှုန်းများကို သုံးသပ်ပြင်ဆင်နိုင်ရန်ရည်ရွယ်၍ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး” ဆောင်ပုဒ်နှင့်အညီ နိုဝင်ဘာ ၁ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ တစ်မြို့နယ်လုံး၏ ၂၀ ရာခိုင်နှုန်းဖြစ်သည့် ရပ်ကွက် ၃ ရပ်ကွက်နှင့် ကျေးရွာ ၂၉ ရွာမှ အိမ်ထောင်စု ၅၃၁၈ စုရှိ တိရစ္ဆာန်ကောင်ရေ စာရင်းများကို မြို့နယ်တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် တိရစ္ဆာန်ကျန်းမာရေးအကူလုပ်သားများပါဝင်သည့် ကောက်ကွက်အဖွဲ့ ၂၀ ဖြင့် စတင်ကွင်းဆင်းဆောင်ရွက်နေပြီဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)