သာယာဝတီမြို့နယ်၌ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

သာယာဝတီ    နိုဝင်ဘာ   ၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ “တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး ခေါင်းစဉ်ဖြင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မကျီးကွင်းအုပ်စု၊ လိပ်ပင်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစန်းဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းဟိုတို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခေတ္တခရိုင်ဦးစီးမှူး ဒေါက်တာဝင်းကျော်သူမှ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်းစဉ် များနှင့်ပက်သက်၍ ရှင်းလင်းပြောကြားရာ စာရင်းကောက်ယူရေးလုပ်ငန်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ(၁)ရက်နေ့မှ (၃၁)ရက်နေ့ထိ သတ်မှတ်ထားပြီး သတ်မှတ်ကာလအတွင်း စာရင်းကောက်ယူရာတွင် အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို မိမိတို့ဌာနအနေဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဝင်းနှင့်အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ဥာဏ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူသည့် သင်တန်းသားများက မကျီးကွင်းအုပ်စု၊ လိပ်အင်းကျေးရွာတွင် စတင်ကွင်းဆင်ကောက်ယူရာ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန့်ဇော်(ပြန်/ဆက်)