တောင်တွင်းကြီးမြို့နယ်တွင် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေးလုပ်ငန်းဆောင်ရွက်

တောင်တွင်းကြီး  နိုဝင်ဘာ ၁

စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေးလုပ်ငန်းကို နိုဝင်ဘာလ ၁ ရက်နေ့မှစတင်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စတင်ကောက်ယူလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ တောင်ပြင်(၁)ရပ်ကွက်ရှိ နိုးစားနွား မွေးမြူရေးခြံတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦး၊ အတွင်းရေးမှူး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာစိုးမိုးဝင်းနှင့် ကော်မတီအဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် မြို့နယ်တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးအဖွဲ့က စစ်တမ်းမေးခွန်းလွှာများ ကောက်ယူခဲ့သည်။

တစ်ပိုင်တစ်နိုင်မွေးမြူရေးကို ကျေးရွာအားလုံးရဲ့ ၂၀ ရာခိုင်နှုန်းကိုကောက်ယူပြီး ကျန်ရှိသည့် ၈၀ ရာခိုင်နှုန်းကို စီးပွားဖြစ်မွေးမြူရေးခြံများတွင် ကောက်ယူသွားမည်ဖြစ်ကာ တောင်တွင်းကြီးမြို့နယ်အနေဖြင့် ကျေးရွာ ၅၅ ရွာနှင့် ရပ်ကွက်၂ခုတွင်  စာရင်းကောက်ဦးရေ ၄၀ ဦးဖြင့် စစ်တမ်းမေးခွန်းလွှာများကို ကောက်ယူပြီး Commcare appဖြင့် ရရှိသည့် dataများကို ဖြည့်သွင်း၍ သက်ဆိုင်ရာ server သို့ ပေးပို့သွားမှာဖြစ်ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ရုံးချုပ်)မှ တိရိစ္ဆာန်​ကောင်ရေ စာရင်းများတွက်ချက်ကာ အတည်ပြုထုတ်ပြန်ပေးသွားမှာဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

အောင်ကို(ပြန်/ဆက်)