ချောက် နိုဝင်ဘာ ၁
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေးဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဌေးကျော်က တိရစ္ဆာန်ကောင်ရေတိုးပွားမှုဆိုင် ရာတွက်ချက်မှုစာရင်းဇယားများ ထုက်လုပ်မှုစာရင်းဇယားများအား သုံးသပ်ပြင်ဆင်နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မြို့နယ်အဆင့်စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်းထားပြီးဖြစ်၍ လုပ်ငန်းများအောင်မြင်ဆောင်ရွက်ရေးမှာကြားခဲ့သည်။
ထို့နောက် မြို့နယ်စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီအတွင်းရေးမှူး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာအေးမင်းဇော်က စာရင်းကောက်ယူရေးလုပ်ငန်း၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ မျှော်မှန်းအကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားပြီး စာရင်းကောက်ယူမည့်အခြေအနေ၊ ရပ်ကွက်ကျေးရွာအလိုက် စာရင်းကောက်ယူမည့်စာရင်းကောက်များအား စီစစ်ရွေးချယ်ပြီး သင်တန်းများဖွင့်လှစ်သင်ကြား၍ လိုအပ်သော စာရွက်စာတမ်းပုံစံများကိုလည်း ထုတ်ပေးထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသည့်ကော်မတီဝင်များမှ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးနှင့်ပတ်သက်၍ သိရှိလိုသည်များကို ပြန်လည်မေးမြန်းရာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးမင်းဇော်က ပြန်လည်ဖြေကြားပေးခဲ့သည်။
တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေးလုပ်ငန်းကို ချောက်မြို့နယ်တွင် နိုဝင်ဘာ ၁ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ စာရင်းကောက်ယူရေးအဖွဲ့(၃၀)ဖွဲ့ဖြင့် ရပ်ကွက်(၃)ရပ်ကွက်၊ ကျေးရွာ(၄၆)ရွာတို့တွင် ကောက်ယူသွားမည်ဖြစ်ကြောင်း မြို့နယ်တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီထံမှ သိရသည်။
ကျော်မိုး(ပြန်/ဆက်)