နတ်မောက် နိုဝင်ဘာ ၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၏ ဒေသဝမ်းစာဖူလုံရေးအတွက် အထွက်တိုးမိုးစပါးများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရန်နှင့် မိုးစပါးစိုက်ဧရိယာများ၏ အထွက်နှုန်းကို စနစ်တကျ မှတ်တမ်းတင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် တမာပင်ရပ်ကွက် ကွင်းအမှတ်(၄၇၆-ခ)ရှိ အကျိုးဆောင် တောင်သူဦးအုန်းလှိုင်၏ စပါးဆင်းသုခလယ်မြေတွင် ယနေ့နံနက်(၉)နာရီအချိန်က မိုးစပါးစံကွက်ရိတ်သိမ်းခဲ့သည်။
အဆိုပါ မိုးစပါးစံကွက် ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်နှင့် အဖွဲ့ဝင်များ မြို့နယ်လယ်ယာမြေ စံမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြရာ စိုက်ပျိုးရေးကိုအခြေခံ၍ အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်းနှင့် တောင်သူလယ်သမားများ၏ လူနေမှုဘဝမြင့်မားတိုးတက်ရေး၊ လယ်ယာထွက်ကုန်သီးနှံများ အထွက်နှုန်းမြင့်မားရေး၊ ဈေးကွက်ဝင်သီးနှံများနှင့်အဓိက သီးနှံများဈေးကောင်းရရှိရေးတို့ကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိက ရှင်းလင်းပြောကြားခဲ့သည်။ နတ်မောက်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးစုစုပေါင်း (၂၄၆၀၇) ဧကလျာထားပြီး (၂၄၈၆၀)ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် ယခုနှစ်ကာလတွင် ဆည်ရေအပြည့်အဝပေးနိုင်ခြင်း၊ မိုးရွာသွန်းမှုမှာ ယခင်နှစ်ကထက် ပိုမိုရွာသွန်းခဲ့ခြင်းကြောင့် (၂၅၃)ဧက မိုးစပါး ပိုမိုစိုက်ပျိုးနိုင်ခဲ့သည်။ အဆိုပါမိုးစပါး စံကွက်ရိတ်သိမ်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သက်ဆိုင်ရာဌာနဆိုင်ရာများကြည့်ရှုခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ ဝန်ထမ်းများ၊ ကျေးလက်နေတောင်သူများနှင့် အတူတောင်သူ ဦးအုန်းလှိုင်၏ လယ်မြေ(၂)ဧကစိုက်ခင်းတွင် ဆင်းသုခမျိုးကွဲ(၆.၆)ပေ စပါးစံကွတ်ရိတ်သိမ်းခဲ့ရာ တစ်ဧက စပါးအစို (၁၂၁) တင်း ထွက်ရှိကြောင်း သိရသည်။
လှဝင်း